ရွှေတိဂုံစေတီတော်သို့ နှစ်လတာအတွင်း ပြည်တွင်းပြည်ပဘုရားဖူး ၁၈ သိန်းကျော် လာရောက်

 

ရန်ကုန်  မတ်  ၄ 


၂၀၂၃  ခုနှစ်၏ နှစ်ဦးကာလ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လတာအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပဘုရားဖူး   ၁၈၃၀၀၀၀  ကျော် လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

 


ဘုရားဖူးများအနေဖြင့် ဇန်နဝါရီလတွင် သံဃာတော် ၁၂၄၇၁ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၇၇၇၃  ပါး၊   အမျိုးသား  ၄၁၀၆၆၅   ဦး၊ အမျိုးသမီး ၅၁၈၃၃၈ ဦး၊ နိုင်ငံခြားသား ၂၆၇၇ ဦး၊ နိုင်ငံခြားသူ ၂၆၃၂ ဦး စုစုပေါင်း   ၉၅၄၅၅၆   ဦးရှိခဲ့သည်။  ထို့အတူ  ဖေဖော်ဝါရီလတွင် သံဃာတော်  ၁၀၅၃၂  ပါး၊  သာသနာ့နွယ်ဝင် သီလရှင် ၅၁၅၅ ပါး၊ အမျိုးသား ၃၉၀၆၂၆ ဦး၊ အမျိုးသမီး ၄၆၈၀၄၄ ဦး၊ နိုင်ငံခြားသား၂၉၅၆ ဦး၊ နိုင်ငံခြားသူ ၃၂၀၆ ဦး စုစုပေါင်း ၈၈၀၅၁၉ ဦးရှိရာ   နှစ်လပေါင်း ဘုရားဖူးဝင်ရောက်မှုမှာ ၁၈၃၅၀၇၅ ဦးဖြစ်သည်။

 


အဆိုပါ ကာလအတွင်း ဘုရားဖူးဝင်ရောက်မှုသည် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့ရက်များတွင် အနည်းဆုံး  ၁၆၀၀၀ ကျော်ဝင်ရောက် ခဲ့ပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနှင့် နေ့ကြီး ရက်ကြီးများတွင် ဘုရားဖူးဝင်ရောက်မှု ပိုမိုများပြားသည်။ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း    တနင်္ဂနွေနေ့များတွင်   နေ့စဉ်ဘုရားဖူး အနည်းဆုံး ၅၀၀၀၀ ခန့်မှ အများဆုံး ၉၃၀၀၀ ခန့်အထိ ဝင်ရောက်ခဲ့ ကြောင်း သိရသည်။ 

 


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်ကာလတွင် ရွှေတိဂုံစေတီတော်ကြီးအား ခေတ္တပိတ်ထားခဲ့ရာမှ ရဟန်းရှင်လူပြည်သူများဖူးမြော်နိုင်ရန် ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် နံနက် ၆ နာရီ မှ  ညနေ  ၆ နာရီအထိ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ 

 


ထို့နောက်တွင်    ရွှေတိဂုံစေတီတော်သို့    ပြည်တွင်းပြည်ပမှ ဘုရားဖူးများ  နံနက်အစောပိုင်း  လာရောက်ဖူးမြော်မှုများပြားသည့် အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ဘုရားဖူးမြော်ချိန် ကို  နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ခွင့်ပြုပေးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်မှစတင်၍ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် နေ့ကြီး ရက်ကြီးများတွင် နံနက် ၅ နာရီမှ  ည  ၇  နာရီအထိ   တိုးမြှင့်ခွင့်ပြု  ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ    ပိုမို အဆင်ပြေစေရန် ၂၀၂၂ ခုနှစ် မတ် ၂၆ ရက်မှစ၍ လက်ရှိအချိန်အထိ နံနက် ၅ နာရီမှ  ည ၈ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။

အာကာစိုး