
ရန်ကုန် ဩဂုတ် ၃၁
ယနေ့ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ် ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ မေတ္တာအခါတော်နေ့အခမ်းအနားများကို စည်းကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် ဝါခေါင် လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီခွဲမှစတင်၍စေတီတော်ရင်ပြင် ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ် ဆွမ်းတော်ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့ဝင်များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်၊၊
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အသံမစဲမေတ္တာပို့အောင်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ဖြင့် ဘုရားရှင်ကိုပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများ အား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော် ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာ ရွတ်ဆို ပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ ဆောင်ရွက် ကြသည်၊၊
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများ က ပန်းစေတီများပင့်ဆောင်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး (အပေါ်ပုံ)စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြား မျက်ရှင် ဘုရားအာရုံခံတန်ဆောင်းမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများ အား ပန်းစေတီများကို ဆက်ကပ်ပူဇော်ကြသည်၊၊
ဆက်လက်၍ ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအနုမောဒနာအခမ်း အနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒ္ဓိပိဋကဓရ သာကေတမြို့နယ် တိပိဋကလင်္ကာရ ကျောင်းတိုက်ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိ ထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်၊၊
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်၊၊
ယင်းနောက် သာကေတမြို့နယ် တိပိဋကလင်္ကာရ ကျောင်းတိုက် ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေး ဝေကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊
အလားတူ ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင်သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် ၁၃၈၅ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) သက်လွှတ်ပွဲနှင့် ဓမ္မပူဇာ မင်္ဂလာသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါစေတီတော်ဂေါပကရုံးတွင်ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထားမြတ်စွာဘုရားကို ပင့်လျှောက် ခြင်းနှင့် ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ ကြသည်။
ထို့နောက် စေတီတော်ဂေါပက ဦးသိန်းဦးက မေတ္တာအခါတော်နေ့ မေတ္တသုတ်ဓမ္မပူဇာ မင်္ဂလာ ထောပနာအား မြွတ်ကြား၍ ဝတ်အသင်းအဖွဲ့များက မေတ္တသုတ်အမွှန်းနှင့် မေတ္တသုတ်ပါဋိတော်များကို ရွတ်ဆိုခြင်း မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်း ခြင်း၊ မေတ္တာပို့ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက် ကြသည်။ ဆက်လက်၍ သက်လွှတ်ပွဲကိုကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့ များက စေတီတော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ငှက်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ကိုကိုဇော်(MNA)