ရွှေတိဂုံစေတီတော်မြတ်ကြီးမှ ဓာတ်လှေကားများ ပြန်လည်ဖွင့်လှစ်

 

 

ရန်ကုန်   အောက်တိုဘာ   ၄


ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၌  ယခင် ယာယီရပ်နား ထားသော ဓာတ်လှေကားများကို ယခုအခါ  ဘုရားဖူးပြည်သူများ အဆင်ပြေစေရန်   ရည်ရွယ်၍ အောက်တိုဘာ ၃  ရက်မှစတင်ကာ စောင်းတန်းများရှိ ဓာတ်လှေကား များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှ သိရသည်။ 
ပြန်လည်ဖွင့်လှစ်
“ ဓာတ်လှေကား      တွေကို အောက်တိုဘာ  ၃ ရက်ကစပြီး   ပြန်ဖွင့်ခဲ့တာပါ။    ဘုရားစတင် ဖွင့်လှစ်ချိန်  နံနက် ၆ နာရီကနေ  ညနေ ၆ နာရီ အထိပါပဲ။ အဓိက ကတော့ ဘုရားဖူးလာတဲ့  ရဟန်း သံဃာတွေ၊  သက်ကြီးဘိုးဘွား တွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေ လောက်သာ အရင်ကတော့ ခွင့်ပြု ခဲ့တာ။ 
အခု အောက်တိုဘာ ၃ ရက်နံနက်ပိုင်းကစပြီး လူလတ်တန်းစားမရွေး ဓာတ်လှေကားနဲ့ တက်ရောက် ဖူးမြော်ခွင့်ပြုလိုက်တာပါ” ဟု ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အထင်ကရစေတီတစ်ဆူဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ပြည်သူများအကြား ရောဂါ ပျံ့နှံ့မှုမရှိစေရန် ယာယီပိတ်ခဲ့သည်။  ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ     ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း     ရဟန်းသံဃာ၊ သက်ကြီးဘိုးဘွားများနှင့် ကျန်းမာရေးချို့တဲ့သူများကိုသာ ဓာတ်လှေ ကားဖြင့် ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့သည်။ 
တက်ရောက်ဖူးမြော်ခွင့်ပြု
ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ပြည်သူများ အကန့် အသတ်မရှိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ယင်းသို့ ဓာတ်လှေကားဖြင့်  တက်ရောက်ဖူးမြော်ခွင့်ပြုရာတွင်   အရှေ့ဘက် စောင်းတန်းမှလည်းကောင်း၊ တောင်ဘက်စောင်းတန်းမှလည်းကောင်း၊ မြောက်ဘက်စောင်းတန်းမှလည်းကောင်း ဓာတ်လှေကားများ ဖွင့်လှစ် ပေးထားသော်လည်း အနောက်ဘက်စောင်းတန်းမှ ဓာတ်လှေကားကိုမူ လတ်တလော ယာယီပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။       မြင့်မိုရ်