ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ကိုဗစ်-၁၉  စည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ  ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရားဘာဝနာပွားများနိုင်ရေးအတွက်   ဖေဖော်ဝါရီ   ၈ ရက်မှစတင်၍     ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့  ပြန်လည်ဖွင့်လှစ်ထားရှိရာ  ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေး မြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးတို့အပါအဝင်  ပြည်နယ်နှင့်  တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက် ရှိကြသည်။
ရန်ကုန်မြို့ရှိ   ရွှေတိဂုံစေတီတော်မြတ်ကြီးအား   နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁ဝ နာရီမှ ၁၁ နာရီအထိ လည်းကောင်း နံနက်ပိုင်း သုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိ လည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ   အစ္စလာမ်ဘာသာရေး ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက် အများပြည်သူဝတ်ပြု ကြည်ညို နိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင် များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ      လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်