“ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လွှာ”

 

ရန်ကုန်တိုင်းဒေသကြီး  သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)၏ ဩဝါဒခံယူ၍  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော   ရွှေတိဂုံစေတီတော်မြတ်ကြီးအား  သံဃာတော် (၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေက  အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ  မင်္ဂလာအခမ်းအနားကို ၂၀၂၃ခုနှစ်၊  မေလ (၂)ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လဆန်း (၁၄) ရက်နေ့ အရုဏ်တက်ချိန်၌ ရွှေတိဂုံစေတီတော် အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ  ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး  သံဃနာယကအဖွဲ့  ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းအားလုံး၏ကျောင်းထိုင်ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်များမှ  သံဃာတော်၊  ဆရာတော်များအား  ပင့်ဆောင်ကာ စုပေါင်းလှူဒါန်းပူဇော်သွားမည်ဖြစ်ပါ၍   သဒ္ဓါကြည်လင်  ပါရမီရှင်အလှူရှင်များအနေဖြင့်   မိမိတို့တတ်စွမ်းသမျှ   လှူဖွယ်ဝတ္ထုငွေနှင့်   လှူဖွယ်ပစ္စည်းများကို   ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အခမ်းအနားကျင်းပရေးဦးစီးကော်မတီ