
ရန်ကုန် ဒီဇင်ဘာ ၂၆
ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲ စေရေး ထိန်းသိမ်းဆောင်ရွက်နေမှုလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဒီဇင်ဘာ ၂၅ ရက်က ကြည့်ရှုစစ်ဆေးပြီး စေတီတော်ရင်ပြင်ပေါ်တွင် ဌာန ဆိုင်ရာဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ကုသိုလ်ယူ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုအားပေး သည်။
စေတီတော်ရင်ပြင်ပေါ်ရှိ သာသနိကအဆောက် အအုံများနှင့် ဇရပ်၊ တန်ဆောင်းများ ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ ဘုရားစေတီများ၏ ပလ္လင်များ ၊ ဆီမီးခုံ စေတီ ၊ မြေစိုက်စေတီ ၊ အုတ်ဂူစေတီများတွင် ဆေး မသုတ်မီ ကြိုတင်ပတ်တီးလိုက်ခြင်း၊ ဆေးသုတ်၍ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ရွှေသင်္ကန်းများ ပြန်လည် ကပ်လှူခြင်းများကို ဆောင်ရွက်ရာတွင် မူလအလှူ ရှင်များ၏ လှူဒါန်းမှုမှတ်တမ်း ကမ္ပည်းများနှင့် ရှေးလက်ရာများကို မပျက်စီးအောင် ဂရုပြု၍ ထိန်းသိမ်းဆောင်ရွက်ရန် ၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲကြံ့ခိုင်စေရန် တစ်ခုပျက်တစ်ခုပြင် စနစ်ဖြင့် မပြတ်စစ်ဆေးထိန်းသိမ်းစောင့်ရှောက် ရန်နှင့် ဘုရားဖူးများ စိတ်ချမ်းသာစွာ ဖူးမြော်ကြည် ညိုနိုင်ရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရန် စသည်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့် ပစ္စယံ အဆင့်ဆင့်တို့တွင် သန့်ရှင်းရေးကုသိုလ်ယူနေကြ သည့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီ ဝန်ထမ်းများ၊ တိုင်းဒေသကြီးမီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)