
နေပြည်တော် နိုဝင်ဘာ ၃၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး ဌာနခွဲသို့ရောက်ရှိပြီး မြွေဆိပ်ဖြေဆေး များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင် အသုံးပြုရန် မွေးမြူထားသည့်မြင်းများကို ကြံ့ခိုင် သန်စွမ်းပြီး အနာရောဂါကင်းသည့်မြင်းများဖြစ်အောင် အလေးထား ဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ရန် မှာကြားပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ရေးအတွက် မြွေများမှ အဆိပ်ထုတ်ယူနေမှု အခြေအနေနှင့် မြင်းများကို သဘာဝအတိုင်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။
ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် New Generation Industry Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ်(၃) ပလတ်စတစ် စက်ရုံသို့ ရောက်ရှိပြီး ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးကာ စက်ရုံရှင်းလင်းဆောင် ၌ New Generation Industry Co., Ltd. တာဝန်ရှိသူများအား ပြည်သူ လူထု လိုအပ်လျက်ရှိသော ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများကို ယခုထက်ပိုမို၍ အလုပ် အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ ငှားရမ်းကုမ္ပဏီအနေဖြင့် ရရှိသည့်အမြတ်အစွန်းအချို့ကို ဒေသဖွံ့ဖြိုး ရေးနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းစဉ်များတွင် အသုံးပြုစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ အမှတ်(၃)အကြီးစားစက်ရုံ(သာယာဝတီ)သို့ ရောက်ရှိ ပြီး စက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်ရေးအတွက် Business Plan များ စနစ်တကျရေးဆွဲ ထားရှိရန်၊ စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ထုတ်လုပ်မှုလုပ်ငန်းအဆင့်များ တွင် Check Point များ ထားရှိစစ်ဆေး ရန်၊ အရည်အသွေးမီ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုရန်နှင့် နိုင်ငံ တကာနည်းစဉ်များကို စဉ်ဆက်မပြတ် လေ့လာရန်နှင့် နည်းပညာများ ဆင့်ပွားသင်တန်းများပေးရန် မှာကြားပြီး ပန်းကန်နှင့် ကြွေပြားများ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ပဲခူး တိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁) အထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံလည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် စက်ပစ္စည်းကိရိယာများကို ပြုပြင်ထားရှိရန်၊ အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများ အား လေ့ကျင့်သင်ကြားစီမံဆောင်ရွက်ရန်နှင့် ပြည်သူများအတွက် လိုအပ်သောအဝတ်အထည်များ ပိုမိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Super One Trading Co., Ltd. သို့ ငှားရမ်းထားသည့် ပြောင်းဖူးထုတ်ကုန်ပစ္စည်းစက်ရုံ (ရန်ပယ်)သို့ ရောက်ရှိပြီး စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် စက်ရုံဖြစ်၍ ကောင်းမွန်သောထုတ်လုပ်မှု နည်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်မဖြစ်ပေါ် စေရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး ပြောင်းဖူးကော်မှုန့်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်