ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   မတ်  ၃၀


ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁ - ၄ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၃) တွင် အတွေ့အကြုံရှိသူတို့၏ စေတနာဖြင့် အန္တရာယ်မဖြစ်စေရန် သတိပေး စကားပြောသည်ကို မစဉ်းစားမဆင်ခြင်ခဲ့မိရာက အသက်ဘေးနှင့် ရင်ဆိုင်ရလုနီးပါး ဖြစ်ခဲ့သော ခါချဉ်လေးအကြောင်း သရုပ်ဖော်ထားသည့် “စွန့်စားချင်တဲ့ခါချဉ်လေး” မျက်နှာဖုံးကာတွန်း၊ မတူညီသော စက်ဘီးဒီဇိုင်းများကို  အဆင့်အဆင့် ပိုမိုခေတ်မီ ကောင်းမွန်အောင် တီထွင်ခဲ့ကြပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “မတူညီတဲ့စက်ဘီးဒီဇိုင်းများ”   သုတဆောင်းပါး၊  လျှပ်စစ်အပူလွန်ကဲခြင်းကြောင့် မီးလောင်မှုဖြစ်ပွားရာ   ဂျာရစ်နှင့်  သူ၏ သူငယ်ချင်းတို့၏   ဝိုင်းဝန်းကူညီမှုဖြင့်  မီးကို အချိန်မီ   ငြှိမ်းသတ်နိုင်ခဲ့ပုံအကြောင်း   သရုပ်ဖော်ထားသည့်     “ဂျာရစ်တို့သင်္ကြန်” နှစ်မျက်နှာကာတွန်း၊ အနာဂတ်၏အညွန့်အဖူးလေးများဖြစ်သည့် သားသား၊ မီးမီးတို့ သည် သဘာဝ၏လှပခြင်းအနုပညာကို  မြတ်နိုးတန်ဖိုးထားတတ်ပြီး  အလှအပကို ဖန်တီးတန်ဆာဆင်မည့်သူများဖြစ်ကြောင်း  တင်ဆက်ထားသည့် “လောကကို အလှ ဆင်ကြသူများ”  ဝတ္ထုတိုကဏ္ဍ၊  သားသား၊  မီးမီးတို့အနေဖြင့်  အချင်းချင်း  သူငယ်ချင်း မိတ်ဆွေဖြစ်ဖို့ရန်အတွက်   ခန္ဓာကိုယ်အချိုးအစားနှင့်  အရည်အချင်းများ  တူနေရန် မလိုအပ်ဘဲ တစ်ယောက်မလုပ်နိုင်သည်ကို တစ်ယောက်က ကူညီပေးရင်း ကိုယ်ကိုယ် တိုင်ကလည်း သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်တတ်ရမည် ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ဆင်လေးစိုးစိုးနှင့် သူ၏သူငယ်ချင်းများ” ပုံပြင်ကဏ္ဍ၊ သားသား၊ မီးမီးတို့အနေဖြင့်  အသိပညာဗဟုသုများ တိုးပွားပြီး တွေးခေါ်စွမ်းရည်များ တိုးစေရန် စာပေမျိုးစုံ ဖတ်ကြရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်ထည်ဝါ (ပျော်ဘွယ်)၏  “စာကြည့်တိုက်သို့သွားကြစို့”  ကဗျာကဏ္ဍအပါအဝင်   ရွှေသွေးတို့ လက်ရာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄ဝဝ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။                                     

သတင်းစဉ်