ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က စနစ်တကျလိုက်နာဆောင်ရွက်ကြရန် လိုအပ်

နေပြည်တော်   နိုဝင်ဘာ   ၁၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးတင်ထွဋ်ဦးနှင့်   ကမ်းနီး၊  ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ၊ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခြင်း  အခမ်းအနား ကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးဟိုတယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးကြီးသိန်းလင်း၊ ဦးမောင်ကြီးနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ပြောကြား


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများ၊  တည်ဆဲဥပဒေ များနှင့်အညီဖြစ်စေရေး    ထိန်းကျောင်းကြပ်မတ် လျက်ရှိသကဲ့သို့ ရေရှည်တွင်  GAqP အပါအဝင်  ခေတ်မီနည်းပညာအသုံးပြု   ငါး၊  ပုစွန်  မွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့်   လိုက်လျောညီထွေရန်ဟူသည့် ဒေါက်တိုင် သုံးခုဖြင့်  ငါး၊ ပုစွန်ကဏ္ဍ ဖွံ့ဖြိုးလာရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊     ငါးဖမ်းရာသီ သတ်မှတ်ခြင်း၊ အချို့ဒေသများတွင် ဇုန်များ  သတ်မှတ် ထိန်းသိမ်းခြင်း၊  သဘာဝငါးမျိုးပွားခြင်းကို  ခေတ်မီ နည်းစနစ်များအသုံးပြု၍ လေ့လာသုံးသပ်ခြင်းတို့ဖြင့် ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း        လုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင်   ပါဝင်ပတ်သက်သူအားလုံး တို့က  စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်  ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် လုပ်ငန်းရှင်များ၏ လက်ရှိ ဆောင်ရွက်ဆဲလုပ်ငန်းများ၏အခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်လိုသည့်  လုပ်ငန်းရပ်များအပေါ် ဆွေးနွေး  တင်ပြခြင်း၊ ခေတ်မီအအေးခန်းသိုလှောင်ရုံ၊ အဆင့်မြင့် လက်ကားဈေး  ဖော်ဆောင်ရေးဆိုင်ရာ   ကိစ္စရပ်များ၊  တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေး၊     ဌာနနှင့် ပုဂ္ဂလိကပူးပေါင်း၍ ငါးသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးနှင့်  အမြန်ဆုံးအသုံးပြုနိုင်မည့်      လက်တွေ့အသုံးချ         သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်  ကိစ္စရပ်များကို  ဆွေးနွေး ခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ကော့သောင်းခရိုင်     FOB  စစ်ဆေးရေးစခန်းနှင့် ကမ်းနီး ရေလုပ်ငန်းကုမ္ပဏီဇုန်များကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား ငါးဖမ်းရေယာဉ် လုပ်သား များအတွက် လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများ စနစ်တကျ    ဖွင့်လှစ်ပို့ချပေးရန်   လိုအပ်ချက်များ၊ ငါးလုပ်ငန်းဆိုင်ရာ  ဓာတ်ခွဲခန်းများ  ခေတ်မီစေရေး ဆောင်ရွက်ရန်နှင့်   အစားအစာ   ဘေးကင်းလုံခြုံမှု၊  ကုန်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်း ကြပ်မတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 


ဆောင်ရွက်လျက်ရှိ


ကော့သောင်းခရိုင်အတွင်းရှိ  ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခြင်း၊ သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် သည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်များ၏  ဝင်/ထွက်မှု များနှင့် ရေထွက်ပစ္စည်းများ   ပြည်ပသို့  တင်ပို့မှု များကို  သက်ဆိုင်ရာဌာနများ  ပူးပေါင်းပါဝင်သည့် အဖွဲ့က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများအား  တစ်ချိန် တည်း၊ တစ်နေရာတည်း တစ်ပြေးညီ ဖြစ်စေရန် One  Stop Service ဖြစ်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ    ဆောင်ရွက်လျက်ရှိ ကြောင်း၊   နိုင်ငံတော်အတွက်   ရသင့်ရထိုက်သည့် အခွန်အခများ  အပြည့်အဝရရှိစေရန်  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ထိုမှတစ်ဆင့်      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကော့သောင်းခရိုင် သူဌေးကျွန်းပေါ်ရှိ ပုဂ္ဂလိက  ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးကာ  စီးပွားဖြစ်   ပုစွန်မွေးမြူရေးလုပ်ငန်းများ   တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊   လုပ်ငန်းရှင်ကြီးများအနေဖြင့် ဒေသနေ လုပ်ကွက်ငယ်တောင်သူများကို နည်းပညာ နှင့် လိုအပ်ချက်များ ပံ့ပိုးကူညီပေးပြီး ပုစွန်မွေးမြူရေး လုပ်ငန်းကို     အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းတစ်ရပ်အဖြစ်        အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။                                        

  သတင်းစဉ်