
ရန်ကုန် ဒီဇင်ဘာ ၂၅
တိုင်းဒေသကြီး ငါးခုမှ ရေထွက်ကုန်များ အဓိကဝင်ရောက်ရာ ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးကြီးတွင် နေ့စဉ်ကုန်ပိဿာချိန် ငါးသိန်းခန့်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူပြည်သူများသို့ နေ့စဉ်ရေထွက်ကုန်များ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။
ရွှေပိတောက် ငါးဈေးကြီးကို ၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဆိုင်ခန်း အနည်းငယ်ဖြင့် အရောင်းအဝယ် ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၆ ရက် တွင် စံပြငါးဈေးမှပျံကျဈေးသည် များ ပြန်လည်ရောင်းချခြင်းဖြင့် ရေထွက်ကုန် အများဆုံး ဝင်ရောက်ရာ ငါး/ပုစွန်ဈေးကြီး တစ်ခုအဖြစ် စည်ကားခဲ့သည်။ ရွှေပိတောက်ငါးဈေးရှိ ဈေးရုံ ပေါင်း ရှစ်ရုံတွင် ဆိုင်ခန်းပေါင်း ၄၄၄ ခန်းနှင့် ပျံကျဆိုင်ခန်းငယ် ပေါင်း ၁၂၀ ဖြင့် ရေထွက်ကုန်များ ကို လက်လီ၊ လက်ကားဖြန့်ချိ လျက် တောင်ပေါ်ဒေသ၊ နယ်စပ် ဒေသနှင့် မြန်မာပြည်အထက်ပိုင်း သို့ ရေထွက်ကုန်များ တင်ပို့လျက် ရှိသည်။
“တစ်ချိန်က ကုန်ချိန် နှစ်သောင်းတောင် အဝင်အထွက် မရှိတဲ့ ငါးဈေးကြီးက ယခု ကုန်ပိဿာချိန် ငါးသိန်းခန့်အထိ အရောင်းအဝယ် ရှိလာတဲ့အတွက် ငါးမွေးတောင်သူ၊ ကုန်သည်နဲ့ လက်လီလက်ကား ရောင်းတဲ့ ဈေးသည်တွေ အဆင်ပြေလာ ကြတယ်။ ရေချိုထွက်ကုန်ကို ဧရာဝတီတိုင်းဒေသကြီးက အဝင် များပြီး ရေငန်ထွက်ကုန်ကို ရခိုင် ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသ ကြီးက အဝင်များတယ်။ ရန်ကုန် မြို့မှာ အကြီးဆုံးရေထွက်ကုန် ဈေးကြီးဖြစ်လာတဲ့အတွက် နေ့စဉ် ဈေးဝယ် ဈေးသည် ရှစ်ထောင် ကျော်ကနေ ရုံးပိတ်ရက်မှာ တစ်သောင်းကျော် အရောင်း အဝယ်ရှိတဲ့အတွက် ဈေးလုံခြုံရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ဈေးသာယာလှပရေးကို စည်ပင် သာယာနဲ့ လက်တွဲပြီး ကျွန်တော် တို့ ဈေးသာယာရေးအဖွဲ့က ဆောင်ရွက်နေပါတယ်”ဟု ရွှေ ပိတောက် ငါးဈေးသာယာရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျင်စောက ပြောသည်။
မြန်မာပြည်တွင် ရေထွက် ကုန်ပစ္စည်း တင်သွင်း/ဖြန့်ချိရာ အကြီးဆုံး ငါး/ပုစွန်ဈေးကြီး ဖြစ်သည့် ရွှေပိတောက်ငါးဈေး ကြီးမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးနှင့် နိုင်ငံတစ်ဝန်းသို့ နေ့စဉ်တင်ပို့ ရောင်းဝယ်လျက်ရှိရာ တစ်ရက် လျှင် ကုန်ပိဿာချိန် ငါးသိန်းခန့် ကုန်စည်စီးဆင်းပြီး အရောင်း အဝယ် စည်ကားလျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး