ရေပျော်မော်ကင်းတို့မြေမှ ဖိတ်ခေါ်ပါသည်

Type

မော်ကင်း(ခေါ်)ဆလုံ


မြန်မာနိုင်ငံသည်     ထူးခြားလှပဆန်းပြားသော    သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝပြီး တိုင်းရင်းသားများ စုပေါင်းနေထိုင် ကြသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ရှားပါးသည့်သဘာဝအရင်းအမြစ် များကြောင့် ထိတွေ့ ရှုမြင်ရသူအပေါင်းကို  မှင်သက်ငေးမော၊  အံ့ဩ ချီးမွမ်းစေသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုများကြောင့်ပင် မြန်မာ၏ အဓိပ္ပာယ်ကို  ပိုမိုပေါ်လွင်စေပါသည်။ တိုင်းရင်းသားမျိုးနွယ်စုများအနက် ထူးခြားသော အသက်မွေးဝမ်းကျောင်းဖြင့် လူ့ဝန်းကျင်နှင့် ဝေးရာတွင်  သီးခြားနေထိုင်ကြသော မော်ကင်း(Moken) (ခေါ်) Sea Gypsy (ခေါ်) မော်ခင် (ခေါ်) ဆီလီတာ(ခေါ်) ဆီလန်(ခေါ်)ဆလုံ လူမျိုးများကို ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်ရင်း ဆုံတွေ့ ခဲ့ရပါသည်။


၂၀၀၄ ခုနှစ်က ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဗိုလ်ချိုကျွန်းရှိ မကြုံဂလက်   ဆလုံကျေးရွာလေးတွင်    ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်ခဲ့သော ဆလုံရိုးရာပွဲတော်ဆောင်ရွက်ခဲ့စဉ်က လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများကို ရန်ကုန်မှနေ၍ ပံ့ပိုးဆောင်ရွက်ပေးခဲ့ရ သဖြင့် မကြုံဂလက်သို့မရောက်ရှိခဲ့။ သို့အတွက် ဆလုံလူမျိုးများနှင့် ဆုံတွေ့ရန် အခွင့်အလမ်းဆုံးရှုံးခဲ့ရသော်လည်း အောက်မြန်မာပြည် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်စဉ်  တနင်္သာရီတိုင်းဒေသကြီး ခရီးသွားမြှင့်တင်ရေးအတွက်    လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် တိုင်းဒေသကြီးမှတာဝန်ရှိသူများနှင့် ကွင်းဆင်းသည့် အချိန်တွင် မကြုံဂလက်ဆလုံကျေးရွာလေးသို့  ရောက်ရှိခဲ့ပြီး ဆလုံလူမျိုးများနှင့်ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရရှိခဲ့ပါသည်။
မျိုးနွယ်ဆက်


ဆလုံလူမျိုးဖြစ်ပေါ်ဆင်းသက်လာမှုကို    လေ့လာရာတွင် ယူဆချက် ခုနစ်မျိုးရှိသည်ကို တွေ့ရှိရပါသည်။ ပထမယူဆချက်မှာ ဩစထရစ်မျိုးနွယ်ဝင်  အင်ဒိုနှင့်မလေးလူမျိုးတစ်စုသည်  အခြား လူမျိုးစုတစ်စု၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတောင်ဘက်စွန်းနှင့် မြိတ်ကျွန်းစုများသို့ ပြောင်းရွှေ့အခြေချနေထိုင်ရင်း ဆလုံလူမျိုးများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။


ဒုတိယယူဆချက်မှာ ဩစထရစ်အေရှတစ်မျိုးနွယ်တစ်စုအား အခြားမျိုးနွယ်တစ်စုမှ     တိုက်ခိုက်မှုကြောင့်    မြိတ်ကျွန်းစုအနီး ဝန်းကျင်သို့  ရှောင်တိမ်းနေထိုင်ရင်း   အခြားဩစထရစ်အေရှတစ် မျိုးနွယ်တစ်စုနှင့် ပေါင်းစည်းကာ ဆလုံလူမျိုးများပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
တတိယယူဆချက်မှာ  မလေးတို့၏  တိုက်ခိုက်မှုကြောင့် ရှောင်တိမ်းလာသော မျိုးနွယ်စုတစ်ခုဖြစ်ကြောင်း ယူဆချက်ဖြစ်ပါ သည်။ မလေးနှင့်ဘာသာစကားဆင်တူသော်လည်း ဘာသာစကားနှစ်ခု နှိုင်းယှဉ်ရာတွင်  အခေါ်အဝေါ် ၅၂ လုံး၌   ၁၀ လုံးသာတူကြောင်း တွေ့ရပါသည်။ ထို့အပြင် ဆလုံဘာသာစကားမှာ အင်းသား၊ ထားဝယ် လူမျိုးများ၏ဘာသာစကားနှင့်   ဆင်တူသည်ကိုလည်း   တွေ့ရပါ သည်။


စတုတ္ထယူဆချက်မှာ ကုန်းဘောင်ခေတ်အလောင်းမင်းတရားလက်ထက် မြန်မာနိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြသော မွန်လူမျိုးများနှင့် ကသည်းလူမျိုးစုတို့မှ ဆလုံလူမျိုးပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။


ပဉ္စမယူဆချက်မှာ မွန်ခမာအနွယ်ဝင်များမှ   ဗီယက်နမ် မြစ်နီ မြစ်ဝှမ်း၊ ထိုင်းနိုင်ငံ ကျောက်ဖယားမြစ်ဝှမ်း၊ မြန်မာနိုင်ငံ စစ်တောင်း၊ သံလွင်၊ ဂျိုင်း၊ သံလွင်မြစ်ဝှမ်း၊ အိန္ဒိယနိုင်ငံ ဗြဟ္မပုတ္တရနှင့် ဂင်္ဂါမြစ်ဝှမ်း အထိ ပျံ့နှံ့နေထိုင်လာသောလူမျိုးစုမှ ဆလုံလူမျိုးပေါ်ပေါက်လာသည့် ယူဆချက်ဖြစ်ပါသည်။
ဆဋ္ဌမယူဆချက်မှာ မော်လမြိုင်တစ်ဖက်ကမ်း ဘီလူးကျွန်းတွင် နေထိုင်ခဲ့သော နီဂရစ်တို ခေါ်  ကပ္ပလီနွယ်ဝင်၊   စမင်လူမျိုးစုသည် ပင်လယ်သို့ ပြောင်းရွှေ့နေထိုင်ရာမှ ဆလုံလူမျိုးပေါ်ပေါက်လာခြင်းဖြစ် ပါသည်။


သတ္တမယူဆချက်မှာ  ဆလုံသက်ကြီးရွယ်အိုများမှ   ၎င်းတို့ ကိုယ်၎င်းတို့(မော်န်-မွန်-၊ခမ်-ခမာ) ဖြစ်သည်ဟုဆိုခြင်းကို ကိုးကား၍ မွန်ခမာအနွယ်ဝင်ဖြစ်သည်ဟု ယူဆချက်ဖြစ်ပါသည်။


မည်သို့ပင်ယူဆချက်ရှိသည်ဖြစ်စေ တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်သည့် ဗမာလူမျိုး ကိုးမျိုး၌    ဗမာ၊  ထားဝယ်၊  မြိတ်၊  ယော၊ တောင်သာ၊ ကဒူး၊ ကနန်း၊ ဆလုံ၊ ဖွန်းလူမျိုးတို့ပါဝင်ပြီး ထိုအထဲတွင် ဆလုံလူမျိုးပါဝင်သည်ကို ထူးခြားစွာတွေ့ရှိရပါသည်။
ဓလေ့စရိုက်


ဆလုံလူမျိုးများသည်    နေရာအတည်တကျနေထိုင်သူများ မဟုတ်ဘဲ နွေရာသီနှင့် ဆောင်းရာသီတွင်  ကဗန်းလှေငယ်များဖြင့် ပင်လယ်ပြင်အတွင်း တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြ ပြီး မိုးရာသီတွင် လှိုင်းလေငြိမ်သက်သောကျွန်းအချို့၌   ခိုနား နေထိုင်လေ့ရှိကြသည်။ ကြမ်းတမ်းသောပင်လယ်ပြင်အတွင်း လှေဖြင့် ငါး၊ ပုလဲ ရှာဖွေဖမ်းဆီးကြသည်။ လှေပေါ်တွင် ချက်ပြုတ်စားသောက် ကြသည်။ အိပ်ကြသည်။ ထို့အတွက် ဆလုံလူမျိုးဟုဆိုလျှင် ကဗန်းလှေ က ယှဉ်တွဲလျက်ပါလာသည်။ မြိတ်ခရိုင်တွင် ယခင်က  ဒုံးပုလဲအော်ရွာ၊  လင်းလွန်းအော်ရွာ၊ ပလောဝါးရွာ၊ ညောင်မှိုင်းရွာ၊  ဒုံးကမာချောင်း၊ ဝဲကျွန်း၊ မီးစိမ်းကျွန်းတို့တွင် နေထိုင်ကြပြီး  ယခုအခါ ဒုံးကျွန်းရှိ ဒုံးပုလဲအော်ရွာ၊ ညောင်မှိုင်းရွာနှင့် လက်စွပ်အော်ကျွန်းရှိ လင်းလွန်း အော်ရွာ၊ ပန်းတောင်းကျွန်းရှိ ပက်ဂလက်ရွာတို့တွင်  နေထိုင်ကြပါ သည်။ ကော့သောင်းခရိုင်တွင် ယခင်က လန်ပိကျွန်းရှိ လန်ပိရွာ၌ နေထိုင်ကြသော်လည်း ယခုအခါ လငန်းကျွန်းစုရှိ လငန်းရွာ၊ ကရသူရိ မြို့နယ်ရှိ ကံမော်ကြီးရွာ၊ အလယ်မန်ကျွန်းရှိ ကိုဖော့ရွာ၊ ဗိုလ်ချိုကျွန်း ရှိ မကြုံဂလက်၊ တလွန်းရွာတို့တွင် ဆလုံအုပ်စုများဖွဲ့၍ နေထိုင်ကြ ပါသည်။
ရေလုပ်ငန်းရှင်များက ဆလုံလူမျိုးများ၏ရိုးသားမှုကိုအသုံးချ ကာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးပြီး ရေအောက်ကမ္ဘာမှ ရှာဖွေရရှိ သော   ရေသတ္တဝါများ၊    သဘာဝသယံဇာတများကိုရယူကြသည်။ နောက်ပိုင်းတွင် အရက်၊ မူးယစ်ဆေးဝါးများပံ့ပိုးပေးမှုကြောင့် မူးယစ်နွံ အတွင်းသက်ဆင်းကာ အိမ်ထောင်ဦးစီးအမျိုးသားဆလုံများ  အသက် ငယ်ငယ်ဖြင့်  သေဆုံးလာကြသဖြင့် ဆလုံလူမျိုးများတွင် အမျိုးသား များနည်းပါးလာခြင်း၊ အမျိုးသမီးဦးရေများလာခြင်း၊ ဆလုံလူမျိုးများ နေထိုင်ရာသို့ အရောင်းအဝယ် ရေလုပ်ငန်းဖြင့် လာရောက်နေထိုင်ကြ သော ဗမာ၊ ကရင်၊ ရခိုင်လူမျိုးများနှင့် အိမ်ထောင်ပြုရာမှ သွေးနှောဆလုံများဖြစ်လာခြင်းတို့ကြောင့် ယခုအခါ ဆလုံစစ်စစ်လူဦးရေမှာ အလွန်နည်းပါးသွားသည်ဟု   ဆလုံအထူးပြုလေ့လာသူ   ရန်ကုန် အနောက်ပိုင်းခရိုင်တက္ကသိုလ်မှ ဒေါက်တာဒေါ်ရီရီခင်၏ စာတမ်းအရ သိရှိရပါသည်။


ကာကွယ်ထိန်းသိမ်းသင့်


၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ ဆလုံဦးရေ ၆၀၀၀ ကျော် ရှိပြီး ၂၀၀၁ ခုနှစ်တွင် ဆလုံဦးရေ ၄၀၀၀ ခန့်နှင့် ၂၀၁၂ ခုနှစ်တွင် ၃၄၃၈ ဦးခန့်သာရှိတော့သည်။ ယခုအခါ ဆလုံစစ်စစ်ဦးရေမှာ ၁၈၀၀ ခန့်သာကျန်ရှိတော့သဖြင့် ဆလုံလူမျိုးများပျောက်ကွယ်မှုမရှိစေရေးအတွက် နိုင်ငံတော်က  ကော်မတီတစ်ရပ်ဖွဲ့စည်းကာ အစီအမံများ ဆောင်ရွက်နေသည်ဟု သိရှိရပါသည်။


တနင်္သာရီတိုင်းဒေသကြီးရှိ ဆလုံလူမျိုးသည် ကယားပြည်နယ်ရှိ ပတ်တောင်(ပဒေါင်) လူမျိုးကဲ့သို့ ထူးခြားသောဝိသေသရှိ၍ ဆလုံ လူမျိုးတို့၏ လူနေမှုပုံစံ၊ ဓလေ့ရိုးရာ၊ အသက်မွေးဝမ်းကျောင်းမှုများကို နိုင်ငံတကာမှ တကူးတကလာရောက်ကာ လေ့လာကြပါသည်။  မြန်မာ နိုင်ငံနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဆလုံလူမျိုးများအား ပြသကာ ကမ္ဘာလှည့်ခရီးသည်များကို ဖိတ်ခေါ်ဆွဲဆောင်၍ ဝင်ငွေကောင်းရရှိနေ သည်ကိုလည်းကြားသိရပါသည်။  ကယားပြည်နယ်မှ   ပတ်တောင် (ပဒေါင်)လူမျိုးများကို    ထိုင်းနိုင်ငံက    ၎င်းတို့နိုင်ငံသားများ ဖြစ်သယောင် ဖန်တီးခြင်း၊ ဆလုံလူမျိုးများကိုလည်း  ထိုင်းနိုင်ငံသား ဖြစ်သယောင် ပြသခြင်းများဖြင့် လုပ်ဆောင်နေမှုများကို အမြော်အမြင် ရှိရှိ  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပြီး  ဖော်ထုတ်မြှင့်တင်သင့် ပါသည်။
လှပသောဒုံးကျွန်း


မြိတ်ခရိုင်သည် အပြည်ပြည်ဆိုင်ရာ  ဝင်ပေါက်/ထွက်ပေါက် မရှိသဖြင့်  ထားဝယ်ခရိုင်၊   ကော့သောင်းခရိုင်တို့နှင့်နှိုင်းယှဉ်လျှင် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု         အခွင့်အလမ်းနည်းပါးသည်။ သို့အတွက်       ကမ္ဘာလှည့်ခရီးသည်များကို     ဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်း၊    နိုင်ငံတကာမှသိရှိအောင်    မြှင့်တင်ခြင်းများကိုဆောင်ရွက်ရာတွင် ဖြစ်နိုင်သမျှနည်းလမ်းများ ရှာကြံကာ   စွန့်စားထိုးဖောက်မှုများကို   မြိတ်ခရိုင်ခရီးသွားရုံးခွဲမှ တာဝန်ခံနှင့်ဝန်ထမ်းများ၊         မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဒေသတာဝန်ရှိသူများက ဝိုင်းဝန်း ပူးပေါင်းကြိုးစားလျက်ရှိပါသည်။



ဒုံးကျွန်းသည် မြိတ်မြို့၏အနောက်ဘက် ရေမိုင် ၄၀ ခန့်အကွာ မြောက်လတ္တီကျု ၁၂ ဒီဂရီ ၂၆ မိနစ်နှင့် အရှေ့လောင်ဂျီကျု  ၉၈ ဒီဂရီ ၀၈ မိနစ်တွင်တည်ရှိပြီး   ဧရိယာ ၂၈၅၂၂ ဧက ကျယ်ဝန်းကာ ရေချို အလုံအလောက်ထွက်ရှိသဖြင့်   ရေလုပ်ငန်းလုပ်ကိုင်သောသူများ၊ ဒုံးကျွန်းတွင်နေထိုင်သူများအတွက် သောက်သုံးရေကို အပြည့်အလျှံ အသုံးပြုနိုင်ကြပါသည်။       ကျွန်း၏အရှေ့ဘက်တွင်   လှပသော ဒုံးရေတံခွန်ရှိပါသည်။  မြိတ်မြို့   ဆိပ်ငယ်ရပ်လှေဆိပ်မှ ဒုံးရေတံခွန်သို့ Speed Boat ဖြင့် သွားရောက်လျှင် ၁ နာရီ ၄၅ မိနစ်ခန့်အကြာတွင် ရောက်ရှိပြီး ဒုံးကျွန်း၏  ကျောက်တောင်အမြင့်ပေါ်မှ ဖြတ်ကျော် စီးဆင်းကျလာသော  ဒုံးရေတံခွန်၏ ရေမှုန်၊ ရေစက်၊ ရေပန်းများဖြင့် ဒုံးရေတံခွန်တွင် ရေချိုးခြင်း၊ အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းတို့ပြုလုပ်ကာ သဘာဝတရားကြီး၏အရသာကို လွတ်လပ်ပေါ့ပါးစွာ ခံစားပြီး  မွန်းကျပ်မှု၊ ပင်ပန်းနွမ်းနယ်မှုမှန်သမျှကို ပြေပျောက်စေနိုင် ပါသည်။ 


ချစ်စရာဆလုံတို့ရွာ


ထိုမှတစ်ဆင့် Speed Boat ဖြင့် ၂၅ မိနစ်အကြာခန့် မောင်းနှင်၍ ဆလုံကျေးရွာ၊ ဒုံးညောင်မှိုင်းသို့  သွားရောက်ကာ ဆလုံလူမျိုးတို့၏ နေထိုင်မှုဘဝကို ဆက်လက်လေ့လာနိုင်ပါသည်။ ဒုံးညောင်မှိုင်းကျေးရွာ တွင် ကွယ်လွန်သွားသော ရုပ်ရှင်သရုပ်ဆောင် ဒွေး ခေါင်းဆောင်ပါဝင် သည့် မော်ကင်းဥဒါန်းရုပ်ရှင်အားရိုက်ကူးခဲ့သည့်အတွက် ပြန်ပြောင်း ခံစားရင်း ထူးခြားမှုကိုရယူနိုင်ပါသည်။        ဒုံးညောင်မှိုင်းကျေးရွာ သဲသောင်ကမ်းခြေသို့ ရောက်ရှိသည်နှင့် စိမ်းမြသည့်ရေပြင်၊ ဖြူဖွေး သည့်သဲပြင်တို့၏ ထိတွေ့မှုနှင့်အတူ ပင်လယ်ပြင်ကျယ်မှ ဝင်ရောက် လာသောလေများ၏ တိုးဝှေ့မှုများကြောင့် ကမ်းခြေအစပ်၊ ရွာနဖူးစည်း ရှိ အုန်းပင်များ၊ သစ်ပင်များ၏လှုပ်ရှားယိမ်းထိုးမှုများက လက်ကမ်း ပွေ့ဖက်ကြိုဆိုသယောင် ခံစားရနိုင်ပါသည်။


 Speed Boat စီးရင်း လှိုင်းမူးလာလျှင်လည်း  သစ်ပင်အရိပ် အောက်၊    သဲပြင်ပေါ်တွင်   ခင်းကျင်းထားသော    ခုံတန်းရှည်ပေါ်၌ အုန်းရေချိုချိုကို အမူးပြေ၊ အမောပြေသောက်နိုင်ပါသည်။ အမူးအမော ပြေသည်နှင့် ဆလုံလူမျိုးများနေထိုင်ရာ အိမ်ခြေစုသို့သွားရောက်ကာ ဆလုံလူမျိုးတို့၏ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊  အသုံးအဆောင်ပစ္စည်း များနှင့်     ကဗန်းလှေများကိုလေ့လာခြင်း၊ ဆလုံလူမျိုးများနှင့် စကားပြောဆိုခြင်းများကိုပြုလုပ်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများကို ဆောင်ရွက်နိုင်ပါသည်။


ဒုံးကျွန်းပေါ်တွင် ဒုံးညောင်မှိုင်းကျေးရွာ၊ ဒုံးကမာချောင်းကျေးရွာ နှင့် ဒုံးဒဟွန်းကျေးရွာများရှိပါသည်။ ဒုံးညောင်မှိုင်းကျေးရွာသည် ဒုံးကျွန်း၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး ဆလုံလူမျိုး၊ ကရင် လူမျိုး၊ ဗမာလူမျိုးများ နေထိုင်ကြပါသည်။ ဒုံးညောင်မှိုင်းကျေးရွာတွင် အိမ်ခြေ ၁၄၀ ရှိပြီး လူဦးရေ ၇၃၉ ဦးရှိပါသည်။ ဆလုံလူမျိုးအိမ်ထောင်စု ၉၃ စုနှင့် ဆလုံအိမ် ၃၁ လုံး၊ ဆလုံလူဦးရေ ၂၀၉ ဦးရှိပါသည်။ ဆလုံ အိမ်ထောင်စုများမှာ ဒုံးညောင်မှိုင်းကျေးရွာ၏ မြောက်ဘက်ခြမ်းတွင် သီးခြားနေထိုင်ကြပြီး   တောင်ဘက်ခြမ်းတွင် ကရင်အိမ်ထောင်စု၊ ဗမာအိမ်ထောင်စုများ နေထိုင်ကြပါသည်။ ဆလုံလူမျိုးများမှာ ငါးဖမ်း ခြင်း၊  ပုလဲငုတ်ခြင်း၊   ပငိုကောင်ခွာခြင်းများဖြင့်    အသက်မွေး ဝမ်းကျောင်းပြုကြပြီး  ဗမာ၊ ကရင်လူမျိုးများမှာ    ဈေးရောင်းခြင်း၊ စိုက်ပျိုးရေးပြုလုပ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။


ဒုံးညောင်မှိုင်းလူထုအခြေပြုခရီးစဉ်
၂၀၁၄ ခုနှစ်တွင် ဒုံးညောင်မှိုင်းရောက်ခဲ့စဉ်က ဒုံးညောင်မှိုင်း ကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်ရန်အတွက် အကြံပြုခဲ့ပြီး  ရွာ၏တောင်ဘက် ရွာအစွန်တွင်  မြေနေရာအကြံပြု ရွေးချယ်ပေးခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်ရောက်ရှိစဉ်တွင် လူထုအခြေပြုအဆောက်အအုံများကို မြိတ်ခရိုင် ဟိုတယ်ခရီးတာဝန်ခံ ဦးဆောင်၍ မြိတ်ခရိုင်လုပ်ငန်းရှင်များအသင်း၏ အဓိကပံ့ပိုးကူညီမှု ဖြင့်  ဒုံးညောင်မှိုင်းပြည်သူလူထုတို့ပါဝင်သောအဖွဲ့က    အုတ်မြစ်ချ ဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ၁၀-၁-၂၀၂၁ ရက်နေ့တွင် ဧည့်သည် ၁၆ ဦး တစ်ပြိုင်တည်းတည်းခိုနိုင်သည့် ဘန်ဂလိုနှစ်လုံးဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ဖြစ်ပေါ်မှုကြောင့်   ဧည့်သည်များဝင်ရောက်မှုမရှိသေး ကြောင်း သိရှိရပါသည်။
ဒုံးညောင်မှိုင်းလူထုအခြေပြု      ခရီးသွားလုပ်ငန်းဖြစ်ပေါ်လာ ခြင်းကြောင့်  မြိတ်မြို့မှ နေချင်းပြန်သွားရောက်ရန်  ခက်ခဲဝေးကွာသော ကျွန်းများသို့ အချိန်ပေးလည်ပတ်နိုင်ပြီဖြစ်ပါသည်။   ဒုံးညောင်မှိုင်း ကျေးရွာ   လူထုအခြေပြုခရီးသွားတည်းခိုရိပ်သာတွင်  ညအိပ်ကာ တည်းခိုရိပ်သာမှတစ်ဆင့် စမတ်ကျွန်း၊ လင်းကွန်းကျွန်း၊ သရောသတန် ကျွန်း၊ နှစ်ဖက်လှကျွန်း၊ ကျောက်ကဒွေးကျွန်းနှင့် ဝါးတောင်ကြီးကျွန်း များသို့ သွားရောက်လည်ပတ်ပြီး  ညပိုင်းတွင် ဒုံးညောင်မှိုင်း CBT မှ တည်ခင်းဧည့်ခံသော       ကရင်တိုင်းရင်းသားရိုးရာအကနှင့်အတူ လတ်ဆတ်မွှေးပျံ့သည့် ပင်လယ်စာများကို စားသုံး၍ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပါသည်။ 


ဖိတ်ခေါ်ပါသည်


မကြာမီရောက်ရှိတော့မည့် ပွင့်လင်းရာသီကာလတွင် မြိတ်ခရိုင် ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံရွာကလေးသို့လာရောက်၍ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေးစည်းကမ်းသတ်မှတ်ချက်ဖြစ်သည့်  Social Distancing နှင့်ညီညွတ်စွာ Snorkeling ပြုလုပ်ခြင်း၊  Trekking ပြုလုပ်ခြင်း၊ ဆလုံလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာများလေ့လာ ခြင်း၊ ရှားပါးရေနေကုန်းနေ  သတ္တဝါများလေ့လာခြင်း၊ စက်ဘီးစီး ခြင်း၊  ကနူးကယက်လှေလှော်ခြင်း၊ ရေကူးခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်း လှေများနှင့်လိုက်ပါပြီး     ရေလုပ်သားများ၏ဘဝလေ့လာခြင်း၊ လတ်ဆတ်သော   ပင်လယ်အစားအစာများစားသုံးခြင်း၊ သဲသောင် ပြင်တွင်   လမ်းလျှောက်၍    ပင်လယ်လေအားပါးတရရှူရှိုက်ခြင်း၊ သာယာလှပသော ပတ်ဝန်းကျင်ကျွန်းများသို့ လည်ပတ်ခြင်းများဖြင့် မွန်းကျပ်မှုများကို ဖြေဖျောက်ကြပါစို့ဟု     နှိုးဆော်ကာ ဆလုံရွာလေး က ဖိတ်ခေါ်လိုက်ပါသည်။             ။

 

မြင့်ထွေး(ဟိုတယ်/ခရီး)