
ဆောင်းပါး
=======
ရှေ့နေနှင့် ဓမ္မဆီမီး
===========
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ် ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ဓမ္မဆီမီး ပါတဲ့”
“ဘာအဓိပ္ပာယ်လဲ ဆရာ”
“ဒီနေ့သီတင်းကျွတ်လပြည့်နေ့ (အဘိ ဓမ္မာနေ့) ဖြစ်ပါတယ်။ ဒီလိုနေ့ထူးနေ့မြတ်မှာ ပူဇော်၊ ကြည်ညို ဖတ်ရှုလေ့လာခွင့်ရတဲ့တရား ဓမ္မ(ဓမ္မဆီမီး)စာအုပ်တွေထဲက မှတ်သားစရာ တွေကို ကောက်နုတ်ပြီး ပြန်လည်တင်ပြ ရေးသားချင်လို့ပါ။ တရားဓမ္မစာစု ဂရုပြုတဲ့ သဘောပါ”
“အထူးကြည်ညိုမိပါတယ်ဆရာ”
“ဒါဖြင့် ၊ ဖတ်ကြည့်ကြစို့”
ဘဝခရီးနှင့် ဓမ္မဆီမီး
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ၏ ဘဝခရီးနှင့် ဓမ္မဆီမီး ကျမ်းစာအုပ်တော်ကြီးကို မြသန်းစံ (အရှင်ပညာနန္ဒ) ရေးသားပူဇော်သည်။ အခန်းပေါင်း (၂၃)ခန်း၊ စာမျက်နှာပေါင်း (၆၄၉)ပါရှိသည်။ ရန်ကုန်မြို့ ရွှေပြည်နန်း ကုမ္ပဏီက ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီလတွင် ပုံနှိပ်ထုတ်ဝေသည်။ (ပုံ-၁)
သင်းပျံ့မွှေးသော ပန်းရနံ့တို့ကို သယ်ဆောင်ပေးခဲ့သော လေညင်း (သို့မဟုတ်) စာရေးသူ၏ စကားဦးမြသန်းစံ(အရှင်ပညာနန္ဒ)က‘သင်းပျံ့သောဂုဏ်ရနံ့’တို့ပိုင်ရှင် ပါမောက္ခချုပ်ဆရာတော် ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီးကို ရေးသားပြုစု ခဲ့သည့် စာရေးသူအနေဖြင့် စာဖတ်သူတို့ထံ ပို့ဆောင်ပေးခဲ့သော‘လေပြေလေညင်း’၏ တာဝန်ကိုယူခဲ့ခြင်းသာ ဖြစ်ပါသည်။ စာဖတ် သူတို့အနေဖြင့် ပါမောက္ခချုပ်ဆရာတော်ကြီး ၏မွှေးပျံ့သင်းကြိုင်လှသော “သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ခံစားခွင့် ရခဲ့ပြီဆိုပါလျှင် ဤစာအုပ်ကို ရေးသား ပြုစုရကျိုးနပ်ခဲ့ပြီ”ဟု စကားဦးရေးသားခဲ့ သည်။
ဓမ္မအသိဉာဏ်ရစေဖို့
“ယနေ့ကမ္ဘာ၊ ငြိမ်းချမ်းသာလျက်
ဘာသာပွင့်လင်း၊ တရားချဉ်း၍
မျိုးချင်းစာနာ၊ ရိုင်းပင်းကာဖြင့်
မကွာတူမျှ၊ နေထိုင်ကြလျက်
ဓမ္မမှန်သိ၊ ဉာန်(ဉာဏ်)ရရှိသည်….
မသိပျောက်ကြပါစေသော်…”တဲ့။
အဆုံးသတ် အချပိုဒ်လေးသည် ပါမောက္ခချုပ် ဆရာတော်ကြီး၏ တရားပွဲများ၏အဆုံးသတ် ရေစက်ချအမျှဝေသည့်အခါ ဆရာတော်ကြီး တိုင်ပေးသည့်အတိုင်း လိုက်လံရွတ်ဆိုသည့် အသံကို အမှတ်ရမိစေ၏။
“ဘုရားတပည့်တော်တို့သည်၊ ဓမ္မအသိ ဉာဏ်ရရှိမှသာလျှင် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ပါသောကြောင့် ဓမ္မအသိ ဉာဏ်ရရှိစေရန် ရည်သန်ကြလျက်….”
ဓမ္မအသိဉာဏ်ဟူသည် ပေးဝေသူရှိမှ ရရှိမည်ဖြစ်သလို ရရှိပြီးပါကလည်း ကိုယ်စီ သန္တာန်တို့တွင် ကိန်းဝပ်တည်နေနိုင်ဖို့အတွက် ကိုယ်စီဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိ၏။ ထို့ကြောင့် ဆရာတော်ကြီး ရေးသားထုတ်ဝေခဲ့သမျှ ဓမ္မစာအုပ်မှန် သမျှတို့တွင် “ဓမ္မအသိဖြင့် အကျိုးရှိရှိနေ မည်” ဟူသော သတိပေးစာတန်းကလေးကို အမြဲတွေ့ရခြင်းဖြစ်ပါ၏။ (စာ-၁၈၈) ဟု မြသန်းစံ(အရှင်ပညာနန္ဒ)က ရေးသားပူဇော်ခဲ့ ပါသည်။
လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် (ဒုတိယတွဲ)
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၏ လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် (ဒုတိယတွဲ) စာအုပ် ကို ပဉ္စဂံစာအုပ်တိုက်က ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ ပါသည်။ အခန်းပေါင်း(၄၀)ပါဝင်သည်။ (ပုံ-၂)
ဖတ်ရှုစရာများစွာမှ အချို့ကို ကောက်နုတ် တင်ပြပါရစေ-
ဓမ္မဆိုတာ ဘာကိုပြောတာတုန်း
“ဓမ္မဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်၊ အဲဒီ အဆင့်မြင့်တရားကို ဒီနေရာမှာ ဓမ္မလို့ခေါ် တယ်။ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတဲ့နေရာမှာလည်း ဒီဓမ္မကို ရည်ညွှန်းတာ၊ ဒီဓမ္မကမှ သံသရာ ဝဋ်ဆင်းရဲက လွတ်ကင်းစေနိုင်တာပေါ့။ အနုဓမ္မဆိုတာ အဲဒီဓမ္မကို ရောက်စေနိုင်တဲ့၊ ဓမ္မကိုမျက်မှောက်ပြုစေနိုင်တဲ့ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်။ တစ်နည်း အားဖြင့် ပြောရင် မဂ္ဂင်(၈)ပါး အကျင့်တရား ကို အနုဓမ္မလို့ ခေါ်တယ်။ ပဋိပတ္တိက အဲဒီ အနုဓမ္မကို ကျင့်သုံးတာ၊ ဆိုလိုတာက မဂ်ဖိုလ် နိဗ္ဗာန်ရချင်ရင် ဘာလုပ်ရမလဲ၊ အနုဓမ္မဆိုတဲ့ သီလ သမာဓိ ပညာ ဒီကျင့်စဉ်ကို ကျင့်လို့ ဆိုတာပဲ။ ဒီတော့ သောတာပန်ဖြစ်ချင်ရင် အကျင့်မပါဘဲနဲ့ မဖြစ်ဘူး၊ ဒီလိုပြောတာ၊ ကျင့်ရမယ်”ဟု ပါမောက္ခချုပ်ဆရာတော်ကြီး က လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် ဒုတိယတွဲ(စာ-၄၅၆) တွင် ဖော်ပြဟောကြားသည်။
နားထောင်တာဟာ သင်ကြားခြင်းတစ်ခုပဲ
“ကျင့်တယ်ဆိုတဲ့နေရာမှာ နံပါတ်(၁) သီလလုံခြုံအောင် ဆောက်တည်ရမယ်၊ မိမိ က ပြီးပြည့်စုံတဲ့ အသိဉာဏ်တွေရှိပြီဆိုလို့ရှိ ရင်တော့ သီလပေါ် အခြေခံပြီးတော့ အခုလို တရားနာရင်းနဲ့လည်း မြတ်စွာဘုရား လက်ထက်တော်မှာ ဘုရားတရားနာရင်းက နေပြီးတော့ သမာဓိတွေရပြီး အသိပညာ တွေဖြစ်ပြီး တစ်မဂ် တစ်ဖိုလ် ရသွားတာရှိ တယ်။ အဲဒါကြောင့်မို့ အနုဓမ္မပဋိပတ္တိဆိုတဲ့ အထဲမယ် တရားနာတာလည်းပါတယ်။ မင်္ဂလသုတ်ထဲမှာလည်း ရှိတယ်မဟုတ်လား၊ ကာလေန ဓမ္မဿဝနံ ဆိုတာ၊ တရားနာ ရမယ်၊ နာခြင်းဟာ အသိဉာဏ်တွေ တိုးပြီး တော့ လက်တွေ့ကျင့်သုံးရန်အတွက် အများ ကြီးအထောက်အကူဖြစ်တယ်လို့ ဒီလိုဆို တာ။ လောကီပညာလည်း နားထောင် ရတာပဲမဟုတ်လား။ နားထောင်တာဟာ သင်ကြားခြင်းတစ်ခုပဲ၊ နားထောင်တယ်ဆို တာ အပျင်းပြေ နားထောင်တာ မဟုတ်ဘူး၊ လေးလေးနက်နက်မှတ်သား အာရုံစိုက်ပြီး၊ နားထောင်ပြီး မိမိရဲ့ဘဝနဲ့ ဆက်စပ်ပြီးတော့ နားထောင်မှတ်သား၊ မှတ်သားပြီးတော့ လိုက်နာ၊ ဟောဒီအဆင့်ကိုဆိုလိုတယ်” (စာ-၄၅၇) ဟုလည်း ဟောကြားသည်။
စိတ် စင်ကြယ်ကြောင်းတရား
“စိတ် စင်ကြယ်ကြောင်းတရားနှင့်စပ်လျဉ်း ၍-
အာဠာဝကကြီးရဲ့ (၈)ခုမြောက်မေးခွန်းက “ကထံ သု ပရိသုဇ္ဈတိ” တဲ့၊ ဘာနဲ့မှ လူတွေရဲ့ စိတ်အစဉ်ဟာ စင်ကြယ်နိုင်တုန်း လို့မေးတယ်။ လူတွေရဲ့စိတ်ဟာ စင်ကြယ်နေတာ မဟုတ် ဘူး၊ လူတွေရဲ့စိတ်ဟာ မစင်ကြယ်တာကို မသိဘူး၊ အပြင်ဘက်ကရုပ်နဲ့ပတ်သက်ပြီး တော့ မသန့်ရှင်းရင်တော့သိကြတယ်၊ အဝတ် မသန့်ရှင်းရင် သိတယ်၊ ဘာကျတော့ မသိတာ တုန်းဆို စိတ်မသန့်ရှင်းတာကျတော့ သိပ် မသိဘူး၊ အဝတ်သန့်ရှင်းဖို့ထက် စိတ်သန့် ရှင်းဖို့၊ လူတွေကတော့ နေ့စဉ်နှင့်အမျှကိုယ့်ကို ကိုယ်သန့်ရှင်းအောင်လုပ်နေကြတယ်၊ ကိုယ့် စိတ်ထဲမှာမကောင်းတဲ့ စိတ်တွေဖြစ်နေရင် သန့်ရှင်းရမှာမသိကြဘူးတဲ့။ သိတဲ့ပညာဟာ သန့်ရှင်းစေနိုင်တယ်။”
ဒါကြောင့်မို့ မြတ်စွာဘုရားကဖြေတယ်။ “ပညာယပရိသုဇ္ဈတိ” တဲ့ အသိပညာနဲ့မှ အညစ်အကြေးတွေ ဖယ်ရှားနိုင်ပါတယ်။ စင်ကြယ်သန့်ရှင်းနိုင်ပါတယ်၊ သိမှုဟာ ငါ့မှာ ဘယ်လိုက စရမှာတုန်းဆို ငါ့စိတ်ထဲမှာ ကိလေသာ အညစ်အကြေးတွေ ရှိနေပါလား လို့ သိဖို့ရာကစရမယ်၊ အဲဒီလို သိလာလို့ရှိရင် ဘယ်နည်းလမ်းနဲ့ သန့်ရှင်းအောင်လုပ်ရမယ် ဆို၊ မဂ္ဂင်(၈)ပါး အကျင့်တရားကို သိပြီးတော့ပညာလမ်းကြောင်းကနေသွားမှ စင်ကြယ်နိုင် တယ်လို့၊ ဒီအဖြေလေးကိုနာရတာနဲ့ ဒေါသ မာန်တွေအားကြီးတဲ့ အာဠာဝကကြီးဟာ သောတာပန်ဖြစ်သွားတယ်။ (စာ-၄၈၄) ဟု ပါမောက္ခချုပ် ဆရာတော်ကြီးက ဟောကြား တရားပြသည်။ ထိုအကြောင်းကို ပန်းချီဆရာ မြင့်ကျော်ထက်က သရုပ်ဖော်ပုံကိုပီပြင်စွာ ရေးသားတင်ပြထားသည်။ (ပုံ-၃)
မေတ္တာပွားနေသူကို ပြစ်မှားခြင်း
မေတ္တာနှင့်စပ်လျဉ်း၍ မုဆိုးကြီးတစ်ဦးကို ဥပမာပေးပြီး-
“ မုဆိုးထိုင်ထိုင်ပြီးတော့ မြတ်စွာဘုရား ဘက်ကို မြားနဲ့ပစ်လိုက်တယ်ဆိုပါစို့၊ ခါတိုင်း ဆိုလို့ရှိရင် လေးတင်ပြီးတော့ ခလုတ်ဖြုတ် လိုက်တာနဲ့မြားဟာ သူပစ်တဲ့ဆီသွားတယ်၊ ဒီနေ့ကျတော့ သူ့မြားဟာဖြုတ်လို့မရဘူးဖြစ် နေတယ်၊ ချလို့လည်းမရ၊ တစ်ကိုယ်လုံးပင်ပန်း ပြီးတော့ ဆင်းရဲဒုက္ခ ရောက်နေတယ်၊ နေရာ ကလည်း မရွေ့နိုင်အောင် ခန္ဓာကိုယ်ဟာ ခါတိုင်းနဲ့မတူ ထူးခြားတဲ့အနေအထားမျိုး တွေဖြစ်လာတယ်၊ ဘာဖြစ်လို့ဒီလိုဖြစ်တာတုန်း၊ မြတ်စွာဘုရားက မေတ္တာပွားနေတာနော်၊ မေတ္တာပွားနေတဲ့ပုဂ္ဂိုလ်ကို ပြစ်မှားမယ် ဆိုရင် တစ်မျိုးတစ်မည်ဖြစ်သွားတယ်ပေါ့။
(စာ-၅၄၅) ဟု ပါမောက္ခချုပ် ဆရာတော်ကြီး က ဟောကြားခဲ့သည်။ ပန်းချီဆရာ စိုးဝင်းအောင်က ထိုအကြောင်းကို သရုပ်ဖော် ရေးသားထားပါသည်။ (ပုံ-၄)
နိဂုံး
မြင့်မြတ်သော ဤအဘိဓမ္မာ အခါတော်နေ့ တွင် တရားဓမ္မစာအုပ်စာပေများကို ဖတ်ရှု နာယူ ပူဇော်ရသော အကျိုးအားကြောင့် ဓမ္မ ဆီမီးရောင်စုံ ထိန်ညီးလျက်၊ မြင့်မြတ်ဖြူစင် အေးမြကြည်လင်သော စိတ်နှလုံးရွှင်ပြုံးနိုင် ကြပါစေသတည်း . . . ။ ။
- Log in to post comments