
ရန်ကုန် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်အများဆုံးတည်ရှိရာ လှိုင်သာယာ မြို့နယ်၌ အထည်ချုပ်စက်ရုံများတည်ရှိရာ ရွှေလင်ပန်းစက်မှုဇုန်တွင် မိုးရာသီရေဝပ်ရေလျှံမှုကင်းဝေးစေရန် အနောက်ပိုင်းတက္ကသိုလ် အဝိုင်းကြီးမှစ၍ လှိုင်မြစ်အတွင်း စီးဆင်းမည့် ပင်မရေမြောင်းကြီး နှစ်ခုကို တည်ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ကော်မတီရုံးမှ သိရသည်။
ဘတ်ဂျက်ငွေကို လျာထားခြင်းဖြစ်
အဆိုပါစီမံကိန်းအတွက် ဘတ်ဂျက်ငွေကျပ်သိန်း ၃၆၀၀၀ ကျော် လျာထားပေးကြောင်းသိရသည်။ အနော်ရထာလမ်းအနောက်ဘက်ရှိ ရိုးကြီးနှင့် ရိုးလေးကျေးရွာ၊ မြောက်ဘက်ရှိ အလယ်ရွာ၊ အရှေ့ဘက်ရှိ ရွှေလင်ပန်းကျေးရွာနှင့် တောင်ဘက်ရှိ ရွှေလင်ပန်းအိမ်ရာဝန်းကျင်ရှိ ကျူးကျော်တန်းမှ စွန့်ပစ်ရေနှင့် အမှိုက်များကြောင့် ရေမြောင်းများ ပိတ်ဆို့ကာ ရွှေလင်ပန်းစက်မှုဇုန်အတွင်း ရေများခိုအောင်းလျက် မိုးရွာစဉ် ရေဝပ်ရေလျှံဖြစ်ပေါ်လျက်ရှိရာ ရွှေလင်ပန်းချောင်းနှင့် လှိုင်မြစ်အတွင်း စီးဆင်းနိုင်မည့် ပင်မရေမြောင်းကြီးနှစ်ခုကို တည် ဆောက်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုနှင့်အတူ ဘတ်ဂျက်ငွေကို လျာထားခြင်းဖြစ်သည်။
“စက်မှုဇုန်ရေဝပ်ရေလျှံကင်းဝေးအောင် ပင်မရေမြောင်းကြီး နှစ်ခု တည်ဆောက်ဖို့ ကျပ်သန်း ၃၆၀၀၀ ကျော် ဘတ်ဂျက်ချထား ပေးတာကြောင့် ဆက်လက်အကောင်အထည်ဖော်မယ်လို့ သိရပါ တယ်။ လူဦးရေများလာတဲ့အတွက် မြောင်းစနစ်တကျမရှိတဲ့ အကျိုး ဆက်ဟာ နောက်ပိုင်းမှာ ထိခိုက်မှုများလာနိုင်တယ်။ စက်မှုဇုန် ရေမြောင်းတွေ အမှိုက်ပိတ်ဆို့တာကြောင့် မိုးရွာရင်စက်မှုဇုန်နဲ့ လမ်း တွေ၊ ကျောင်း၊ ဆေးရုံ၊ ရပ်ကွက်နဲ့ ကိုဗစ်-၁၉ စင်တာတွေ ရေမြုပ် တာကြုံရတာပါ။ ပင်မရေမြောင်းကြီး တည်ဆောက်နိုင်ပြီဆိုရင် ရိုးကြီး၊ ရိုးလေး၊ အလယ်ရွာ အပါအဝင် ပတ်ဝန်းကျင် ရပ်ကွက်၊ ကျေးရွာတွေ က ရေတွေလည်း ဆင်းသွားမှာဖြစ်တဲ့အတွက် စက်မှုဇုန်ရေဝပ်ရေလျှံမှု ကင်းဝေးပါပြီ”ဟု ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
ထိုကွန်ကရစ်ပင်မရေမြောင်းကို အနောက်ပိုင်းတက္ကသိုလ်အဝိုင်း အနီးတွင် အနော်ရထာလမ်းမကြီးနှင့်အပြိုင် ရှစ်ပေအကျယ် ပင်မ ကွန်ကရစ်ရေမြောင်းနှင့် ကျန်စစ်သားလမ်းမကြီးနှင့်အပြိုင် ရွှေလင်ပန်း ချောင်းအတွင်း စီးဝင်မည့် ရှစ်ပေအကျယ် ပင်မရေမြောင်းတစ်ခုဖြင့် ပင်မရေမြောင်းကြီးနှစ်ခုကို တည်ဆောက်ရန် လျာထားခြင်းဖြစ်ပြီး မြစ်ရေတက်မှုကို ကာကွယ်နိုင်ရန် ရေတံခါးများလည်း ပါဝင်သည်။ ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံပေါင်း ၄၀၀ ခန့်ရှိပြီး စက်ရုံလုပ်သား ၁၂၀၀၀၀ ကျော်ရှိရာ တန်ဖိုးနည်းအိမ်ရာများလည်း ရှိသည့်အပြင် ကျူးကျော်နေထိုင်သော အိမ်ထောင်စု ၃၁၀၀ ခန့်ရှိသောကြောင့် စွန့်ပစ် အမှိုက်ပိတ်ဆို့မှုဖြင့် စက်မှုဇုန်နှင့် ရပ်ကွက်၊ ကျေးရွာများ မိုးရာသီ ရောက်တိုင်း ရေဝပ်ရေလျှံမှုကို ကြုံတွေ့ရခြင်းဖြစ်သည်။
ရွှေလင်ပန်းစက်မှုဇုန် အနားသတ်တစ်လျှောက်တွင်ရှိသော ပန်းလှိုင်မြစ်အတွင်း စီးဆင်းသည့် ရိုးချောင်းများမှာလည်း ကျူးကျော် တဲများ နှစ်စဉ်တိုးလာသောကြောင့် ပန်းလှိုင်မြစ်နှင့် ရွှေလင်ပန်း ချောင်းအတွင်း စီးဆင်းသော ရေမြောင်းများ ပျောက်ကွယ်လျက် ယခုနှစ် မိုးရာသီတွင် စက်မှုဇုန်နှင့် ကျေးရွာများအတွင်း ရေဝပ်ရေလျှံ ပိုမိုဖြစ်ပေါ်လျက်ရှိရာ ရွှေလင်ပန်းစက်မှုဇုန်အတွင်း ရေဝပ်ရေလျှံမှု ကင်းဝေးကာ စက်ရုံလုပ်သားများ၊ ကုန်တင်ယာဉ်များနှင့် အများပြည်သူ သွားလာရေးအဆင်ပြေချောမွေ့စေရန် ရေထုတ်မြောင်း ပင်မရေမြောင်း ကြီးနှစ်ခုကို တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရ သည်။
ညိမ်းသူ