
ခင်ဦး အောက်တိုဘာ ၃
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမှုဒဏ် ခံခဲ့ရသော မိုးစပါးစိုက်ဧကများကို ပြန်လည်ပြုပြင်ရန် နည်းလမ်းများကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁ ရက်က အွန်လိုင်းမှတစ်ဆင့် ပညာပေး ဆွေးနွေးသည်။
ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုမှာ စက်တင်ဘာလအထိ မိုးရွာရက် ၅၃ ရက်ရှိပြီး မိုးရေချိန်မှာလည်း ၃၅ ဒသမ ၂၄ လက်မရှိသည့် အတွက် ယခင်နှစ်ထက် ပျမ်းမျှမိုးရေချိန် ပိုများပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၄ စုမှ မိုးစပါးစိုက်ဧကပေါင်း ၁၃၁၉၆ ဧက ရေလွှမ်းမှုဒဏ်ခံခဲ့ ရသည်။ အဆိုပါ မိုးစပါးစိုက်ဧကများ ရေလွှမ်းမှုဒဏ်ခံခဲ့ရခြင်းကို ပြန်လည်ပြုပြင်ရန် နည်းလမ်းများဖြစ်သည့် စပါးပင် ပုံမှန်ပြန်လည်အလုပ်လုပ်နိုင်ရန် ဟော်မုန်း ဆေး (ဥပမာ-Tozin၊ လစ်တောနစ်)တို့ကို အရင်ဖျန်း ပေးခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို ၁ : ၃ မှ ၁ : ၅ အထိ ရောစပ်ကြဲပက်ခြင်း၊ ယူရီးယား ဓာတ်မြေဩဇာကို ရွက်ဖျန်းမြေဩဇာအဖြစ် ဆေးဖျန်း ပုံးတစ်ပုံးလျှင် လေးဇွန်းမှ ၁၆ ဇွန်းအထိ ထည့်သွင်း ပက်ဖျန်းခြင်း၊ NPK ရွက်ဖျန်းမြေဩဇာဖျန်းပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးလျက်ရှိသည့် ငါးအမိုင်နို သဘာဝရွက်ဖျန်းအားဆေးကို အပင် ပြန်လည် ကြီးထွားရန် ကိုယ်တိုင် ပြုလုပ်သုံးစွဲခြင်း၊ ငါးအမိုင်နိုပြုလုပ်သည့်အခါ လိုအပ်သည့် EM ကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် လာရောက် ဆက်သွယ် ရယူနိုင်ကြောင်း စသည့်နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမွန်ကျော်က ဒေသခံတောင်သူများ သိရှိစေရန် အွန်လိုင်းမှတစ်ဆင့် ပညာပေးဆွေးနွေးခြင်း ဖြစ် သည်။
စိုးဝေအောင်(ခင်ဦး)