
နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်အကျိုး၊ ပြည်သူများ၏ အကျိုး ကို အဓိကရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ ၏ အကောင်းဆုံး စွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် တည် ဆောက်ရေးဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်း ဖြစ်စေကာ အရည်အသွေး ပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင် သုံးပစ္စည်းများအား နိုင်ငံတကာ စံချိန် စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ် စစ်ဆေးရမည်ဖြစ်ကြောင်း၊ လက်ရှိ တာဝန်ခံများက မျိုးဆက်သစ် ဝန်ထမ်း ငယ်များအား လက်ဆင့်ကမ်း လေ့ကျင့် ပျိုးထောင်သွားရန် လိုအပ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြား သည်။
အောက်တိုဘာ ၂ ရက် နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်း နှင့် ပုံထုတ်ဌာနခွဲ၊ ရေ၊ မြေ၊ ကွန်ကရစ် စမ်းသပ်ရေးနှင့် အရည်အသွေး ထိန်းသိမ်း ရေးရုံးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြေနှင့် ကွန်ကရစ် စမ်းသပ် အလုပ်ရုံသို့ ရောက်ရှိရာ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယုမော်မော်ဝင်းက မြို့ပြ တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ မြေ၊ ဘိလပ်မြေ၊ ပိုဇိုလန်၊ သဲ၊ ကျောက်စရစ် ရွယ်စုံ၊ သံချောင်းများ၊ ကွန်ကရစ်နမူနာ စမ်းသပ်စစ်ဆေးခြင်း အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် Hydraulic အလုပ်ရုံကို ကြည့်ရှု စစ်ဆေးရာ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ရေပိုလွှဲ ပုံစံငယ် စမ်းသပ်ဆောင်ရွက်မှုကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် ဇော်မင်းက ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက ယခုကဲ့သို့ စမ်းသပ်နိုင်သည့် အတွက် နိုင်ငံခြားတွင် ပုံစံထုတ်ဆောင် ရွက်ရန် မလိုအပ်သဖြင့် နိုင်ငံခြားငွေ ကုန်ကျစရိတ်သက်သာကြောင်း၊ နိုင်ငံခြား သားပညာရှင် မလိုအပ်ဘဲ ဌာနရှိဝန်ထမ်း များက ဆောင်ရွက်နိုင်ခြင်းကို အသိအမှတ် ပြု ဂုဏ်ယူပါကြောင်း၊ အလုပ်ရုံများ ရေရှည်တည်တံ့၍ တိုင်းတာရေးကိရိယာ များ မှန်ကန်တိကျစေရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးပေး ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ လုပ်ငန်းများ ဆောင် ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ သည် 33/11 kV ၊ 10 MVA ပျဉ်းမနား မြို့ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးမည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်