ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် လေးထပ်လူနေအဆောက်အအုံ သုံးလုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး တရားမဝင်အဆောက်အအုံ ၁၅ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်

 

 

နေပြည်တော် မေ ၂၉

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံး အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်းမပြုနိုင်စေရေး တို့အတွက် အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် လေးထပ်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

ရွှေကုက္ကိုလ်နယ်မြေအတွင်း ၌ အွန်လိုင်းလိမ်လည်လောင်း ကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက် အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ အလုံး ၂၀ ဖြင့် အဆောက် အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ဖြိုချ ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံး အနက် လေးထပ် လူနေအဆောက်အအုံ သုံးလုံးကို ယာဉ်၊ ယန္တရား များ အသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်း အဆောက်အအုံ ၁၅ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၆၂ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည် လောင်း ကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်