ရေကြီးရေလျှံခဲ့မှုများနှင့်စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက်ဆန်းစစ်ရေး၊ ဘေးအန္တရာယ်ပြမြေပုံများ ပြုစုထုတ်ဝေရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  အောက်တိုဘာ ၁

 

ရေကြီးရေလျှံခဲ့မှုများ နှင့်စပ်လျဉ်း၍  ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက်ဆန်းစစ်ရေး ဘေးအန္တရာယ်ပြမြေပုံများ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများ ပြုစုထုတ်ဝေရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ-၂၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာဒေါ်ရင်ရင်နွယ်နှင့် ဦးလူအေး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ရာသီဥတု ပြောင်းလဲမှုကြောင့် သမားရိုးကျ မဟုတ်သည့် သဘာဝဘေးကျရောက်မှုများ ပိုမိုဖြစ်ပေါ်နေသည့် ကာလတွင် ကြိုတင်သိရှိခြင်း၊ သိရှိသည် များကို လိုက်နာခြင်း၊  ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် များစွာအရေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားလုံးအကျုံးဝင်ပြီး တစ်ဦးတစ်ယောက်မှ ကျန်လှပ်စေခြင်းမရှိသည့် ကြိုတင်ပြင်ဆင်မှုမျိုး ဖြစ်စေရေး အတွက် လူထုအခြေပြုနှင့် သင်တန်းကျောင်း အခြေပြုအသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ ကြောင်း၊ လတ်တလော ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုသည် နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်မျှ မကြုံဖူးသေးသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်မျိုးဖြစ်၍ သင်ခန်းစာဖော်ထုတ်ကာ ထိတွေ့ဆုံးရှုံးနိုင်ခြေ လျှော့ချရေးကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အရင်းအမြစ်များ၊ အခြေအနေများနှင့် ကိုက်ညီသည့်ဆန်းစစ်မှုမျိုး ဆောင်ရွက်ရန်၊ မိမိနိုင်ငံနှင့် သင့်လျော်သည့်လုပ်ငန်း အစီအစဉ်များ ဖြစ်စေန် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များနှင့် အစည်းအဝေး တက်ရောက်လာကြသူများက နိုင်ငံတကာနှင့် ပြည်တွင်း ဘေးအန္တရာယ်ကျရောက်ပြီးချိန် ဆန်းစစ်လေ့လာမှုများ၌ ဖော်ထုတ်ရရှိခဲ့သည့် သင်ခန်းစာနှင့် အတွေ့အကြုံများကို မျှဝေကာ ဆောင်ရွက် သင့်သည်များကို လည်းကောင်း၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ရန်ပုံငွေကျခံနိုင် သည့်နည်းလမ်း၊ ဆောင်ရွက်သင့်သည့် နယ်ပယ်များကိုလည်းကောင်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)