
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပခဲ့မှု၊ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနေမှုအပါအဝင် ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်းပြောကြား
===================================================================================================================
နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးတို့သည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပခဲ့မှု၊ ရွေးကောက်ပွဲ ရလဒ်များထုတ်ပြန်ကြေညာနေမှုအပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မိမိတို့၏ ရွေးကောက်ပွဲစနစ်သည် များစွာပွင့်လင်းမြင်သာမှုရှိသည် မှာ ပေါ်လွင်ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံများ နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်ပြီး ပုံမှန်အားဖြင့် ညနေ ၄ နာရီတွင် မဲရုံပိတ်ပါကြောင်း၊ သို့သော်လည်း ညနေ ၄ နာရီမထိုးမီတွင် သက်ဆိုင်ရာမဲရုံများရှိ မဲဆန္ဒရှင်များ အားလုံး ဆန္ဒမဲပေးခြင်းပြီးမြောက်ပါက မဲရုံပိတ်၍ ဆန္ဒမဲ ရေတွက်ပါကြောင်း၊ ညနေ ၄ နာရီထိုးပြီးသော်လည်း မဲရုံ အတွင်းရောက်ရှိနေသည့် မဲဆန္ဒရှင်များအားလုံး ဆက်လက် ဆန္ဒမဲပေးစေပါကြောင်း၊ မဲဆန္ဒရှင်အားလုံး ဆန္ဒမဲပေးခြင်း ပြီးမြောက်သည့်အခါတွင် မဲရေတွက်ပါကြောင်း၊ မဲပေး သည့်အချိန်မှ မဲရေတွက်သည့်ရလဒ်များပြီးဆုံးပြီးနောက်မဲရုံမှူးက မဲရလဒ်များ ထုတ်ပြန်ကြေညာသည့်အချိန်အထိ မဲရုံအတွင်း၌ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲရုံကိုယ်စားလှယ်များ ရှိကြပါကြောင်း၊ မဲရုံကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် မဲဆန္ဒရှင်များက နှစ်သက်ရာလွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေး ရွေးချယ်ပါကြောင်း။
ပွင့်လင်းမြင်သာစွာ မဲရေတွက်
မဲရုံမှူးက မဲရေတွက်သည့်အခါတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ် များ၊ သက်သေအဖြစ် မဲဆန္ဒရှင်များထဲမှ အနည်းဆုံး ၁၀ ဦးနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများရှိပါ ကြောင်း၊ ၎င်းတို့၏ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာဖြင့် မဲရေတွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ မဲရေတွက်ရာတွင် မဲရေတွက်မှုများကို အချို့မီဒီယာများက တိုက်ရိုက် ထုတ်လွှင့်ပါကြောင်း၊ မဲရေတွက်သည့်နေရာတွင် တစ်စောင် ချင်းစီအလိုက် မည်သူ့ကိုမဲပေးသည်၊ မည်သည့်အတွက် ကြောင့် ပယ်မဲဖြစ်သည်၊ ခိုင်လုံမဲဖြစ်သည် စသဖြင့် မဲရေတွက်ပြီး ဆန္ဒမဲလက်မှတ်များ ထည့်ကြပါကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ်များက ခိုင်လုံမဲမဟုတ်ဘဲ ပယ်မဲအဖြစ် သတ်မှတ်သင့်သည်၊ ပယ်မဲမဟုတ်ဘဲ ခိုင်လုံမဲအဖြစ် သတ်မှတ်သင့်သည် စသည်ဖြင့် ကန့်ကွက်ပြောဆိုပိုင်ခွင့်ရှိပါကြောင်း၊ မဲရုံမှူးက ယင်းကိစ္စများကိုကြည့်၍ သတ်မှတ် ချက်နှင့် ညီညွတ်မှုရှိပါက ပယ်မဲ၊ ခိုင်လုံမဲကို ဆုံးဖြတ်ပါ ကြောင်း၊ ပယ်မဲဟု ဆုံးဖြတ်ပါက မည်သည့်အတွက် ကြောင့် ပယ်မဲအဖြစ် ဆုံးဖြတ်သည်ကို မှတ်တမ်းတင်ရပါ ကြောင်း။
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၏ မဲရုံကိုယ်စားလှယ်များရှေ့မှောက်တွင် မဲဆန္ဒရှင်များက ဆန္ဒမဲလက်မှတ်များကို မဲပုံးထဲသို့ ထည့်ကြပါကြောင်း၊ မဲရေတွက်သည့်အခါတွင်လည်း ယင်းမဲရုံကိုယ်စားလှယ်များ၊ မဲဆန္ဒရှင် အသိသက်သေများရှေ့မှောက်တွင် မဲရေတွက်ပါ ကြောင်း၊ ရေတွက်ရရှိလာသည့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း၏ ဆန္ဒမဲအရေအတွက်များကို ယင်းကိုယ်စား လှယ်များ၏ ရှေ့မှောက်တွင် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းစီအလိုက် ရရှိသည့် မဲအရေ အတွက်ကို ပုံစံ-၁၆ တွင် ရေးသွင်းပါကြောင်း၊ ယင်း ပုံစံ-၁၆ အပေါ်တွင် တာဝန်ရှိသည့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စား လှယ်များက လက်မှတ်ရေးထိုးပါကြောင်း၊ ပုံစံ-၁၆ ကို (၅)စောင်ပြုစုပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တစ်စောင်၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲသို့ နှစ်စောင်၊ မဲရုံမှူးထံ တွင် တစ်စောင်နှင့် မဲရုံတွင် တစ်စောင် ကပ်ထားပါကြောင်း၊ ယင်းမဲရုံတွင် ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရရှိသည့်မဲအရေအတွက်နှင့် မည်သူက မဲအများ ဆုံးရရှိသည်၊ မည်သည့်ပါတီက မဲအများဆုံးရရှိသည်ကို မဲရေတွက်ပြီးပါက ထင်ထင်ရှားရှား သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့စနစ်သည် များစွာပွင့်လင်းမြင်သာပြီး မဲရေတွက်ပြီးသည့်နောက် ချက်ချင်းသိနိုင်ပါကြောင်း၊ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှာ ရွေးကောက် တင်မြှောက်ခံရသည်၊ မည်သည့်ပါတီ အနိုင်ရရှိသည်ကို အလွယ်တကူဖြင့် သေသေချာချာ သိရှိနိုင်ပါကြောင်း။
ထင်ထင်ရှားရှားတွေ့ရှိနိုင်
ညနေ ၄ နာရီထိုးပြီးသည့်အချိန်တွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ၎င်းတို့ထံသို့ ညနေ ၄ နာရီ မထိုးမီရောက်ရှိလာသည့် ကြိုတင်ဆန္ဒမဲများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ (သို့မဟုတ်) ၎င်းတို့ က ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ၏ ရှေ့မှောက် တွင် ဖွင့်လှစ်ရေတွက်ပါကြောင်း၊ ရေတွက်သည့်အခါတွင် မဲတစ်စောင်ချင်းစီအလိုက် ခိုင်လုံမဲ၊ ပယ်မဲ၊ မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏မဲ စသဖြင့် သတ်မှတ် ထားသည့် ခြင်းများအတွင်း ထည့်သွင်းပါကြောင်း၊ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ က ရရှိသည့် မဲအရေအတွက်ကို ပုံစံ-၁၈ တွင် ရေးသွင်းပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ (သို့မဟုတ်) ၎င်းတို့က ရွေးချယ်ထားသည့် ကိုယ်စားလှယ် များနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးပါကြောင်း၊ ထို့ကြောင့် ပုံစံ-၁၈ ကို ကြည့်ခြင်းဖြင့် ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မဲအများဆုံးရရှိပြီး ရွေးကောက်တင်မြှောက်ခံရသည်၊ မည်သည့်ပါတီအနိုင် ရရှိသည်ကို ထင်ထင်ရှားရှား တွေ့ရှိနိုင်ပါကြောင်း။
ထို့နောက် မဲရုံအသီးသီးက ပေးပို့လိုက်သည့် ပုံစံ-၁၆ မှ မဲအရေအတွက်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပြုစုထား သည့် ပုံစံ-၁၈ မှ မဲအရေအတွက်နှင့်ပေါင်း၍ ပုံစံ-၁၉ ကို ရေးသွင်းလိုက်သည့်အခါတွင် မည်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ ရွေးကောက်တင်မြှောက်ခံရ သည်၊ မည်သည့်ပါတီအနိုင်ရရှိသည်ဆိုသည်မှာ ချက်ချင်း ပေါ်ပေါက်ပါကြောင်း၊ ရွေးကောက်ပွဲပြီး၍ မဲလက်မှတ်များ ရေတွက်ပြီးသည်နှင့် မည်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အနိုင်ရရှိသွားသည်၊ မည်သည့်ပါတီ အနိုင် ရရှိသည်ကို အားလုံးက သိရှိသွားပြီဖြစ်ပါကြောင်း။
အမြန်ဆုံးထုတ်ပြန်နိုင်ရေး စီစဉ်ထား
ရလဒ်များကို ထုတ်ပြန်ကြေညာသည့်အခါတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၆ အရ ကြေညာပါကြောင်း၊ ထိုသို့ကြေညာသည့်အခါ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း မပါရှိဘဲ ကျန်သည့်လွှတ်တော်ကိုယ်စားလှယ် အသီးသီးရရှိ သည့် ဆန္ဒမဲများ၊ လာရောက်မဲပေးသည့် ဆန္ဒမဲ မည်မျှ၊ မည်သည့်ရာခိုင်နှုန်းရသည်ကို တွက်ချက်ပြီး ကြေညာရပါ ကြောင်း၊ ထို့ကြောင့် ယင်းစာရင်းဇယားများကို ပြုစု တွက်ချက်ရသည့်အတွက်ကြောင့် ချက်ချင်းကြေညာခြင်း မပြုနိုင်ပါကြောင်း၊ တွက်ချက်ပြီးပါက လွှတ်တော် ကိုယ်စားလှယ်လောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကြေညာပါကြောင်း၊ ၎င်းတို့ ကြေညာပြီးသည့်အခါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထပ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိရအောင် ကြေညာပေးပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များကို ၂၀၁၅ ခုနှစ်တွင်လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီး ထိုစဉ် ကလည်း ၁၀ ရက်ကြာခဲ့ပါကြောင်း၊ ယခုအခါရလဒ်များကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမြန်ဆုံးထုတ်ပြန်နိုင်ရေး စီစဉ်ထားပါကြောင်း၊ မိမိတို့မှလည်း အမြန်ဆုံးကြေညာနိုင် အောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ ကိုယ်စားလှယ်စာရင်းကို တော်တော်များများ ကြေညာပြီးစီးပြီ ဖြစ်ပါကြောင်း၊ တစ်ပတ်အတွင်း ပြီးအောင် ကြေညာမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲပြီးစီး၍ ထွက်ရှိလာသည့် ရလဒ်များသည် မြင်သာမှုရှိသည့်အတွက် ချက်ချင်းသိရှိပါကြောင်း၊ ထိုသို့သိရှိသည့် ရလဒ်များအပေါ် ပါတီကြီးများက ယင်းရလဒ်ကို ကြိုဆိုထောက်ခံကြောင်း နှင့် လက်ခံရရှိကြောင်းကို ကြေညာချက်များ ထုတ်ပြန်ပါ ကြောင်း၊ တချို့သောပါတီများကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် အဆင်မပြေမှုတချို့ရှိသော်လည်း ထိုရလဒ်အပေါ် လက်ခံကြောင်းကို ကြေညာချက်ထုတ်ပြန် ပါကြောင်း၊ ပါတီကြီးတစ်ခုကလည်း ပါတီသက်တမ်းနုနယ် သေးသော်လည်း ယခုကဲ့သို့ ရွေးကောက်တင်မြှောက်ခံရ ခြင်းအပေါ် ကျေနပ်ဝမ်းသာပြီး မဲဆန္ဒရှင်များကို အသိပေး သည့် ရလဒ်များအပေါ်တွင်လည်း ကျေနပ်ထောက်ခံသည် ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ တခြားသောပါတီအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း ရလဒ်များ ကို ကြိုဆိုထောက်ခံကြပါကြောင်း။
လွတ်လပ်ချောမောစွာ ပြီးစီးခဲ့
ယင်းကဲ့သို့ ထုတ်ပြန်မှုများ တွေ့ရခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ဝမ်းသာပါကြောင်း၊ မဲဆန္ဒရှင် များကို အသိအမှတ်ပြုပြီး ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြိုဆိုသည့် နိုင်ငံရေးပါတီများ ရှိနေသည်ကိုလည်း မိမိတို့ ဝမ်းမြောက် ဝမ်းသာ တွေ့ရှိရပါကြောင်း၊ ယင်းမှာ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီအလေ့အထတွင် အင်မတန် မှ ကောင်းမွန်သည့်အချက်များဖြစ်ပါကြောင်း၊ တချို့သောနိုင်ငံရေးပါတီများမှလည်း ယင်းအပေါ် အငြင်းပွားမှုများ၊ လက်မခံနိုင်သည့်အခြေအနေများရှိနေသည်မှာ ဒီမိုကရေစီ နည်းအရ ရှိနေမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဥပဒေနှင့် အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ အများယုံကြည်လက်ခံ နိုင်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ မဲဆန္ဒနှင့် ရလဒ် တစ်ထပ်တည်းရှိရမည် စသည့် စံထားချက်များနှင့်အညီ ကျင်းပမည်ဟု ကြေညာခဲ့ပါကြောင်း၊ မည်သည့်ပါတီနိုင်စေ၊ မည်သည့်ပါတီရှုံးစေဆိုသည့် ဦးတည်ချက်မျိုး လုံးဝမရှိခဲ့ပါ ကြောင်း၊ စံ ၅ ချက်နှင့်အညီ ကျင်းပမည်ဆိုသည့် ဦးတည် ချက်ဖြင့် ကျင်းပရာတွင် ရွေးကောက်ပွဲကြီး လွတ်လပ် ချောမောစွာ ပြီးစီးခဲ့ပါကြောင်း။
ယုံကြည်လက်ခံနိုင်ခြင်းရှိ
ရွေးကောက်ပွဲလွတ်လပ်မှုရှိသည်ကို မီဒီယာများလည်း လေ့လာပြီးဖြစ်ပါကြောင်း၊ အမှန်တကယ် လွတ်လွတ် လပ်လပ်ဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါကြောင်း၊ ကြိုတင် ဆန္ဒမဲများ ယူသည့်နေရာ၌ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များရှေ့တွင် ကြိုတင် မဲပုံးများရယူပြီး စနစ်တကျ လုံခြုံအောင် သိမ်းဆည်းထားပါ ကြောင်း၊ လုံခြုံရေးအထူးရဲများမှ စောင့်ရှောက်ထားပါ ကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် လေ့လာသူများ အား မည်သည့်အချိန်ဖြစ်ဖြစ် သွားရောက်လေ့လာနိုင် ကြောင်းကို မိမိတို့ ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ နည်းဥပဒေဘောင်အတွင်းမှ တတ်နိုင်သမျှ မျှမျှတတရှိ အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် ရွေးကောက်ပွဲကြီး ကျင်းပနိုင်ခဲ့သည်ကို မီဒီယာများလည်း တွေ့မြင်ကြပြီးဖြစ်ပါကြောင်း၊ အများပြည်သူများ လက်ခံ နိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ကို ပါဝင်ယှဉ်ပြိုင်ကြသည့် ပါတီကြီးတချို့ကလည်း ယုံကြည်လက်ခံပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီများကလည်း ယုံကြည်လက်ခံနိုင်ခြင်းရှိသည်ကို တွေ့ရပါကြောင်း။
ပြည်ပမှ သံတမန်အဖွဲ့အစည်းများ လာရောက်လေ့လာ သည့်အခါ တွေ့မြင်ရမှုအပေါ် ယုံကြည်လက်ခံသည်ဟု ပြောကြားကြပါကြောင်း၊ မဲဆန္ဒရှင်နှင့် ဆန္ဒမဲ တစ်ထပ် တည်း ဖြစ်ရမည်ကိုလည်း မဲဆန္ဒရှင်များပေးလိုက်သည့် ဆန္ဒနှင့်ရလဒ်ကို တစ်ထပ်တည်းဖြစ်အောင် မိမိတို့ ကြေညာ ပေးလျက်ရှိပါကြောင်း၊ ယခုရွေးကောက်ပွဲမှာ ကိုဗစ်ကာလ ကြုံကြိုက်နေသော်လည်း မထင်မှတ်အောင် လာရောက် ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြသည့် ဆရာ၊ ဆရာမများ၊ မဲရုံမှူး၊ မဲရုံဝန်ထမ်းများ၏ ကြိုးပမ်း အားထုတ်မှုဖြင့် အောင်မြင်ချောမောစွာ ကျင်းပပေးနိုင်ခဲ့ သည့်အတွက် ရွေးကောက်ပွဲကော်မရှင်ကိုယ်စား ကျေးဇူး တင်ရှိပါကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ကူညီပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ကျေးဇူး တင်ရှိပါကြောင်း၊ ရွေးကောက်ပွဲကို မှန်ကန်အောင်၊ တည့်မတ်သွားအောင် မေးမြန်းပူးပေါင်းပြီး ဆောင်ရွက်ပေး သည့် တာဝန်ရှိသူများနှင့် မီဒီယာများကို အထူးကျေးဇူးတင် ရှိပါကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လုံခြုံရေး အရာရှိများ၊ မဲရုံ၌ထားသည့် ကြိုတင်မဲပုံးများကို သေချာစွာ ဂရုတစိုက် စောင့်ရှောက်ပေးသည့် အထူးရဲအရာရှိများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲကို အားလုံး အဆင်ပြေချောမွေ့အောင် ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ကြသည့် သက်ဆိုင်သူများအားလုံးကို ကျေးဇူး တင်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးက လည်း ရွေးကောက်ပွဲအားလုံး ကြေညာပြီးသည့်အခါ မီဒီယာ များနှင့်တွေ့ဆုံပြီး ရှင်းလင်းပြောကြားမည့် အစီအစဉ်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရလဒ်များ ထုတ်ပြန်မှုနောက်ကျရခြင်းကိစ္စ၊ ရွေးကောက်ပွဲတရား မျှတမှုမရှိဟု ပြောဆိုပြီး ပုံစံ- ၁၉ တွင် လက်မှတ်မထိုးသည့် ကိစ္စ၊ ရှမ်းပြည်နယ် မိုင်းတုံမြို့တွင် အသက် ၁၈ နှစ်မပြည့် သေးသူများ မဲပေးသည်ဟု စွပ်စွဲမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက် သွားမည့် ကိစ္စ၊ မဲဆန္ဒနယ်အချို့၌ မဲပေးနိုင်သည့် ဦးရေထက် လာရောက်မဲပေးသူ ပိုမိုများပြားနေသည်ဟု စွပ်စွဲသည့်ကိစ္စ၊ ကြိုတင်မဲများ တရားမျှတမှုရှိ၊ မရှိနှင့် စိစစ်ဆောင်ရွက်နေမှု အခြေအနေ၊ မဲပေးခွင့်ရှိသူတစ်ဦးတည်းက မဲစာရင်း ၂ ခု တွင် ပါရှိပြီး ၂ ကြိမ်မဲပေးမှုများရှိသည်ဟု ထွက်ပေါ်နေသည့် ကိစ္စ၊ မဲရေတွက်မှု နောက်ကျသည့်ကိစ္စ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အငြင်းပွားနေသည့် မဲရုံအရေအတွက်၊ နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုနေမှု ကိစ္စ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးခွင့်ရှိဦးရေထက် လာရောက်မဲပေးသည့်ဦးရေ ကျော်လွန်နေကြောင်း စွပ်စွဲချက်ထွက်ပေါ်နေသည့်ကိစ္စ၊ လက်ရှိ ရွေးကောက်ပွဲ အငြင်းပွားသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ယခုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေနှင့် မဲလာရောက်ပေးသူစာရင်းအား သိရှိလိုခြင်း၊ ကော်မရှင်က ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ အချိန်နီးကပ်မှ ထုတ်ပြန်မှုအပေါ် ဝေဖန်နေသည့်ကိစ္စ၊ လက်ရှိကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မကျင်းပနိုင်သည့်မဲဆန္ဒနယ်များကို မည်သို့ ဆောင်ရွက်သွားမည်ဆိုသည့်ကိစ္စ၊ လက်ရှိ ရွေးကောက်ပွဲ ကို သတ်မှတ်ထားသည့် စံ ၅ ချက်နှင့်အညီ ကျင်းပနိုင်ခဲ့ခြင်း ရှိ၊ မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ တိုင်တန်းမှုကို မည်သည့်အချိန်အထိ လက်ခံဆောင်ရွက်ပေး သွားမည်နှင့် မည်သည့်အချိန် နောက်ဆုံးထား ဖြေရှင်းပေး မည့် အခြေအနေ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ နှောင့်ယှက်ဟန့်တားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု ရှိ၊ မရှိ ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အသေးစိတ်ပြန်လည် ဖြေကြားသည်။
ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ထား
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပုံစံ-၁၉ တွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင် ကြသည့် ကိုယ်စားလှယ်လောင်းများ လက်မှတ်မရေးထိုး သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက်တွင် သက်ဆိုင် ရာကိုယ်စားလှယ်လောင်းများသည် ပုံစံ-၁၉ တွင် လက်မှတ် ထိုးရန် တာဝန်ရှိပါကြောင်း၊ လက်မှတ်မထိုးလျှင် မထိုးသူ တွင်သာ တာဝန်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရားမျှတ သည့် ရွေးကောက်ပွဲမဖြစ်ဘူးဆိုသည့် စွပ်စွဲချက်များသည် ယေဘုယျ စွပ်စွဲပြောကြားချက်များသာဖြစ်ပြီး ပြန်လည် တုံ့ပြန်ရန် မရှိပါကြောင်း၊ ပါတီကြီး သုံးခုက ရွေးကောက်ပွဲကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ထားပါ ကြောင်း၊ ယင်းကဲ့သို့သော စွပ်စွဲချက်များသည် ဒီမိုကရေစီ ကျင့်စဉ်၊ ဒီမိုကရေစီ အလေ့အထတွင် ရှိကြပါကြောင်း။
နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပရန် တောင်းဆို နေမှုကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍ မျှတသည့် ရွေးကောက်ပွဲ ကျင်းပပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ စံ ၅ ချက်နှင့်အညီ ကျင်းပနိုင်ခဲ့ကြောင်းကို သုံးသပ်ရရှိပါကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပါတီကြီး များအပြင် ပါတီအချို့ကလည်း လက်ခံပြီးဖြစ်ပါကြောင်း၊ ယခုရလဒ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
မဲပေးပိုင်ခွင့်ရှိသည့်ဦးရေထက် ပိုပြီး လာရောက်မဲပေးခဲ့ မှုရှိကြောင်း စွပ်စွဲပြောကြားချက်နှင့်စပ်လျဉ်း၍ ယင်းမှာ အခြေအမြစ်မရှိသည့် ကိန်းဂဏန်းများအပေါ်တွင် ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုမှုများဖြစ်ပါကြောင်း၊ သေသေချာချာ ခိုင်ခိုင်မာမာရှိပါက ဥပဒေကြောင်းအရ ကုစားနိုင်ကြောင်း၊ ဆောင်ရွက်သွားနိုင်ကြောင်း၊ ဥပဒေ နှင့်အညီသွားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
သတင်း - မျိုးမင်းနိုင်၊ ဓာတ်ပုံ - ကိုထိန်