
ရွှေဘို ဇန်နဝါရီ ၆
စပါးဈေးကွက် မတည်ငြိမ်မှုများ အနည်းနှင့် အများဆိုသလို ရှိနေသော်လည်း ရွှေဘိုနယ်မှ ထွက်ရှိသည့် ပေါ်ဆန်းစပါး ဈေးကွက်မှာမူ နှစ်စဉ် ကောင်းမွန်ခိုင်မာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်က ပေါ်ဆန်းဘေးကြားကို ၃၈ ဧကဝန်းကျင် စိုက်ပျိုးထားပါတယ်။ ပေါ်ဆန်း က ဈေးကွက်ကောင်းတဲ့အပြင် ကျွန်တော်တို့ ဒေသမှာစိုက်ပျိုးတဲ့အခါ အရည်အသွေးကောင်း ထွက်တာကြောင့် စိုက်ပျိုးဖြစ်ခဲ့တာပါ။ ရွှေဘို နယ်ကထွက်တဲ့ ပေါ်ဆန်းဆိုရင် အရည်အသွေး ကောင်းမွန်တဲ့အတွက် ဝယ်လက်တွေက သိပ်ပြီးချေးမများဘူး။ တစ်နိုင်ငံလုံးက စပါးစိုက် တောင်သူတွေထဲမှာ ရွှေဘိုနယ်က တောင်သူ တွေက ကံအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဈေးကွက်ပျက်တာမျိုး မရှိပါဘူး။ ဈေးကွက် ခိုင်မာနေပါတယ်”ဟု ရွှေဘိုမြို့နယ် လိပ်ချင်း ကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါး စိုက်ပျိုးသူ ကိုမျိုးမင်းသန်းက ပြောသည်။
ပေါ်ဆန်းဘေးကြားစပါး စိုက်ပျိုးရာတွင် ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးကုန်ကျစရိတ်များ မတူညီဘဲ အကြမ်း အားဖြင့် တစ်ဧကစိုက်ပျိုးစရိတ်မှာ ကျပ် လေးသိန်းမှ ကျပ်ငါးသိန်းအတွင်း ကုန်ကျနိုင် ကြောင်း သိရသည်။
“အထွက်နှုန်းကတော့ တစ်ဧကကို တင်း ၇၀ ကနေ တင်း ၁၀၀ ကြား ထွက်ရှိပါတယ်။ အထွက်နှုန်းက သွင်းအားစုကျွေးမွေးပုံနဲ့ ပြုစု စောင့်ရှောက်ပုံအပေါ်လည်း မူတည်ပါတယ်။ တစ်ဧက စိုက်ပျိုးစရိတ်ကလည်း တစ်ယောက် နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ တချို့ကျ တော့ မိသားစုဝင်များတော့ ကိုယ့်လယ်ကို ကိုယ်တိုင်စိုက်ပျိုးကြတယ်။ လုပ်သားစရိတ် မကုန်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။ ရွှေဘို ပေါ်ဆန်း စိုက်တယ်ဆိုရင် အဓိကကတော့ မျိုးကောင်းမျိုးသန့် ရရှိဖို့ပါပဲ။ နောက်တစ်ခု သတိထားရတာကတော့ ပိုးမွှားရောဂါကျရောက် မှုပါပဲ။ တခြားသီးနှံတွေထက်စာရင် ပိုးမွှား ကြိုက်တတ်တဲ့ သီးနှံမို့လို့ပါ။ ကြွက်တို့၊ ဆစ်ပိုး တို့ ကိုက်တတ်တယ်။ စိုက်ပျိုးတဲ့အခါမှာ အဲဒီ အချက်လေးတွေကို သတိထားရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ရွှေဘိုနယ်မှစိုက်ပျိုးထွက်ရှိသော ပေါ်ဆန်း ဘေးကြားများကို ကုန်သည်/စက်ပိုင်များမှ တစ်ဆင့် ရန်ကုန်မြို့နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချနေပြီး စပါးဈေးနှုန်းအနေဖြင့် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းနှင့်အထက် ရရှိနေကြောင်း ရွှေဘိုဒေသခံ စပါးစိုက်ပျိုးသူ များထံမှ သိရသည်။
နန်းထက်ထက်ချစ်