
ရွှေဘို ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ရှင်ယွန်းစံခန်းမ၌ လိပ်ချင်းကျေးရွာ အုပ်စုတွင် စပါးတစ်ဧကတင်း ၁၀၀ အထက် ထွက်ရှိရေး စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲနှင့် မိုးစပါး တစ်ဧကတင်း ၁၀၀ အထက် ထွက်ရှိ ရေး နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက မိုးစပါး တစ်ဧကတင်း ၁၀၀ အထက် ထွက်ရှိရေး နည်းပညာများ၊ ခရိုင် မျိုးစေ့ ကာကွယ်ရေးတာဝန်ခံက မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာနှင့် ဆန်နီစပါးဖြစ်ပေါ်မှု ကာကွယ်နည်း များနှင့် ခရိုင်မြေအသုံးချရေး တာဝန်ခံ က စပါးပင်သံအဆိပ်သင့်မှု (နီတို ဖြစ်ခြင်း)နှင့် ဆား/ဆပ်ပြာပေါက် ခြင်း ကာကွယ်ရေးနည်းပညာများ အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စံပြကွက်စိုက်ပျိုး သည့် တောင်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော် မျိုးဝင်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသွင်းအားစုများဖြစ်သော မျိုးစေ့၊ ကွန်ပေါင်း၊ ဂျစ်ပဆန် စသည့်ပံ့ပိုးပစ္စည်းများ ပေးအပ် ခဲ့သည်။
ခရိုင်(ပြန်/ဆက်)