
ရွှေဘို ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက နှစ်သိန်းကျော်နှင့် အခြား သီးနှံဧက ခုနစ်သောင်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ် များအနေဖြင့် သဖန်းဆိပ်ဆည်မှ ဆည်ရေ လုံလောက်မှုမရှိသည့်အတွက် နှစ်နှစ် ဆက်တိုက် နွေစပါးစိုက်ပျိုးနိုင်ခဲ့ခြင်း မရှိ ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သဖန်းဆိပ် ဆည် ဆည်ရေလုံလောက်မှုရှိသည့်အတွက်စိုက်ပျိုးရေများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် တွင် ရေစတင် ပေးဝေသွားမည်ဖြစ်ကြောင်း” ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေက ပြောသည်။
အဆိုပါမြို့နယ်များတွင် နွေစပါးကို SMC YMC၊ OMC၊ RMC စသည့်တူးမြောင်းမှ စိုက်ဧက ၂၄၉၈၅၀၊ အခြားသီးနှံကို SMC နှင့် YMC တူးမြောင်းမှ စိုက်ဧက ၇၅၀၀၀ ဖြင့် စိုက်ပျိုးရန် လျာထားကြောင်း၊ လာမည့်နှစ် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိုးစပါးနှင့် မိုးသီးနှံ ရိတ်သိမ်းအပြီး နွေစပါးနှင့် အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော သီးနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ မြေဆီလွှာ အာဟာရဖြည့်တင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ကြိုတင်စုဆောင်း နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ခရိုင်(ပြန်/ဆက်)