ရေး-ထားဝယ်လမ်းမကြီးပေါ်၌ သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှု ပြုပြင်ပြီးစီး

 

ကလိန်အောင်  ဩဂုတ်  ၂၅

မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် တနင်္သာရီတိုင်း ဒေသကြီး  ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာရှိ  ရေး- ထားဝယ် ပြည်ထောင်စုလမ်းမကြီး  မိုင်တိုင်အမှတ်(၅၁/၈)ဖာလုံ၌  ရေတိုက်စား ပြီး သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှု ဩဂုတ် ၂၁ ရက်က ဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်းခဲ့သည်။ 


အဆိုပါလမ်းပိုင်းကို ဩဂုတ် ၂၂ ရက် နံနက်မှစတင်၍  အမြန်ဆုံးပြီးစီး အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ  နေ့လယ်ပိုင်းတွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း  ကလိန်အောင်မြို့ လမ်းအထူးအဖွဲ့   (၂၃)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ရေး-ထားဝယ်သွားလမ်း   ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့     သံကူကွန်ကရစ် တံတားလမ်း ပြိုကျသွားတဲ့လမ်းပိုင်းကို  ဘက်ဟိုး၊ ကျောက်သည်ကားနဲ့  လူအင်အားနဲ့ အမြန်ဆုံးပြီးစီးအောင်   ပြုပြင် ဆောင်ရွက်ခဲ့ပါတယ်” ဟု ကလိန်အောင်မြို့   လမ်းအထူးအဖွဲ့ (၂၃)မှ ဦးစီးအရာရှိ (မြို့ပြ) ဦးဉာဏ်ထွန်းအောင်က ပြောသည်။


ဩဂုတ် ၂၁ ရက် ညနေ  ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး    ရေတိုက်စားမှုကြောင့် အဆိုပါလမ်းပိုင်းနေရာရှိ သံကူကွန်ကရစ်တံတား အရှည် ၁၅ ပေ၊ အကျယ် ၁၈ ပေခန့်   လမ်းအပိုင်းပြိုကျမှုဖြစ်ပွားခဲ့ ပြီး လမ်းများပိတ်ဆို့ခြင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းများဖြစ်ခဲ့သော်လည်း အမြန်ဆုံးပြုပြင်နိုင်မှုကြောင့် ဩဂုတ် ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ယာဉ်ကြီး/ယာဉ်ငယ်များ ပြန်လည်ဖြတ်သန်း သွားလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ခင်ခင်လဲ့