
ပူတာအို မေ ၂
ကချင်ပြည်နယ် ပူတာအိုခရိုင် တွင် လတ်တလော လမ်းပန်း ဆက်သွယ်ရေး အခြေအနေအရ ခရိုင်အတွင်းရှိ တောင်သူ လယ်သမားများ မိုးရာသီလယ်ယာ လုပ်ငန်းခွင်ဝင်ချိန်တွင် စက်သုံးဆီ အခက်အခဲ မဖြစ်ပေါ်စေရေး အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် မန္တလေး လေဆိပ်မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် စက်သုံးဒီဇယ်ဆီ များ တင်ပို့လျက်ရှိရာ မေ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က ပူတာအို လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ဒေသခံတောင်သူ လယ်သမားများအတွက် လယ်ယာ ထွန်ယက်စိုက်ပျိုးချိန်အမီ အသုံးပြု နိုင်ရေး ပထမအသုတ်အဖြစ် ပူတာအိုလေဆိပ်သို့ ရောက်ရှိလာ သည့် ပရီမီယံဒီဇယ်ဆီ ပီပါ ၄၀ (ဂါလန် ၂၀၀၀)ကို ပူတာအိုအခြေ ချ စစ်ဗျူဟာအဖွဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန်းထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့က လေလွင့် ဆုံးရှုံးမှုမရှိစေရန် စနစ်တကျ ကြီးကြပ်စိစစ်ကာ နယ်မြေခံ တပ်မတော်သားများ၊ ခရိုင်/မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် ဇေယျာမင်းဆီဆိုင်မှ ဝန်ထမ်းများစုပေါင်း၍ သိုလှောင် ထားမည့်နေရာသို့ သယ်ယူ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)