ပူပြင်းရာသီရောက်လာမည် ရေကိုချွေတာဖို့ လိုသည်

Type

 

မေယု - မျိုးအောင် (MANA)

 

ရှေးမြန်မာမင်းများ   လက်ထက်ကပင် ဆည်မြောင်း ကန်ချောင်းများကို  အမြော်အမြင်ကြီးမားစွာ တည် ဆောက်ခဲ့ကြသည်။ ယနေ့ မြို့ကြီးပြကြီးများရှိ ကျုံးများ၊ ဆည်များ၊  ရေကန်ကြီးများသည်   နှစ် အနည်းငယ်အတွင်း  တည်ဆောက်ခဲ့သည်  မဟုတ် ပါ။  ရှေးမြန်မာမင်းများက  ပြည်သူများအတွက်သောက်သုံးရေမပြတ်လပ်စေရန်  စီမံဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။   မိုးနည်းရပ်ဝန်းဒေသများ ဖြစ်သည့်      မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခွင်တွင် ကျုံးကြီးများ၊ ကန်ငယ်များ၊ ဆည်များ ယနေ့အထိ ရှိနေသည်မှာ အဖိုးတန်ရေ၏ အသက်သွေးကြော များဟု  ဆိုရမည်သာ ဖြစ်သည်။ မိုးရေချိန် ကမ္ဘာ ကြီး၏ ရွာကြီးတစ်ရွာဖြစ်သည့် မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ရေကုဗမိုင် ၂၇၀ ရှိပြီး  ရေသုံးစွဲမှုမှာ  ၈ ကုဗမိုင်သာရှိသဖြင့်  ပိုလျှံသည့်   မိုးရေများမှာ  မြစ်ချောင်းအင်းအိုင်များမှတစ်ဆင့် ပင်လယ်အတွင်း သို့     သက်ဆင်းသွားရသည်။   ကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်သော ပြည်သူများ   မိုးရေကို  ၄၀ ရာခိုင်နှုန်းသာ သုံးစွဲနိုင်ပြီး ၆၀ ရာခိုင်နှုန်းကို စွန့်ပစ် ကြသည်မှာ  လွန်စွာနှမြောဖို့ ကောင်းလှသည်။ မြေ အောက်ရေအရင်းအမြစ်ထိန်းသိမ်းမှု အားမကောင်း ခြင်း၊ မိုးရွာသည်ထက် မိုးပြတ်သည့်ကာလတာရှည် လာခြင်း၊ ပြည်သူများ ရေသုံးစွဲခြင်းထက် ရေဖြုန်း တီးမှုများပြားလာခြင်း၊   ပြတ်လပ်ခြင်းတို့ဖြစ်ပေါ် နေသည်ဟု ဆိုရမည်ဖြစ်သည်။

 


ရေအရင်းအမြစ်များလျော့ပါးနေ


မျက်မှောက်ကာလတွင်လည်း    ရာသီဥတု ပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါး လာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ် သည်။ ကမ္ဘာ့လူဦးရေတိုးပွားနေခြင်း ၊ လူမှုဘဝဖွံ့ဖြိုး လာခြင်းကြောင့်   ရေသုံးစွဲမှုပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်းသော နိုင်ငံများတွင် ရေပြုန်းတီး မှုများပြားလာခြင်း၊ ရေကိုလိုအပ်သည်ထက် သုံးစွဲ မှု  ပိုမိုများပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက်  စက်ရုံ အလုပ်ရုံများမှ ရေကိုပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ် များ   တဖြည်းဖြည်းလျော့ပါးနေသည်။  နိုင်ငံ အသီးသီးအနေဖြင့်    ရေအရင်းအမြစ်များအပေါ် စနစ်ကျသည့် စီမံခန့်ခွဲမှု ၊ ရေသယံဇာတထိန်းသိမ်း မှုတို့က အရေးကြီးသည့် ကဏ္ဍသို့ ရောက်လာသည်။
ဘောဂဗေဒနှင့်    ငြိမ်းချမ်းရေးအင်စတီကျု (EP)၏ သဘာဝဘေးအန္တရာယ်   ခြိမ်းခြောက်မှု မှတ်တမ်းအမည်ရှိ အစီရင်ခံစာက ကမ္ဘာ့လူဦးရေ သည် ၂၀၅၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ၁၀ ဘီလီယံ နီးပါးသို့ရောက်ရှိလာနိုင်သောကြောင့်  ရေအရင်း အမြစ်များ ရရှိရေးအတွက် ယှဉ်ပြိုင်မှုများရှိလာပြီး ပဋိပက္ခများ တိုးပွားလာနိုင်ကြောင်း ၊ ကမ္ဘာတစ်ဝန်း  လူဦးရေတိုးပွားလာခြင်း၊ သောက်သုံးရေနှင့်  စားနပ် ရိက္ခာရရှိနိုင်ခြေနည်းပါးခြင်းနှင့်    သဘာဝဘေး အန္တရာယ် ပိုမိုဖြစ်ပွားလာခြင်းတို့ကြောင့်   ၂၀၅၀  ပြည့်နှစ်ရောက်ရှိချိန်တွင် လူဦးရေ တစ်ဘီလီယံ ကျော်သည်  အိမ်ခြေရာမဲ့   ဖြစ်နေလိမ့်မည်ဖြစ် ကြောင်း ဖော်ပြထားသည်။ အဆိုပါ  လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည့် အရင်းအမြစ်များ ရရှိရေးအတွက် ယှဉ်ပြိုင်မှုများတွင်  လူသားတိုင်း အတွက်   မရှိမဖြစ်   အရင်းအမြစ်မှာ  ရေအရင်း အမြစ်ဖြစ်သည်။

 


လုံခြုံဘေးကင်းသည့်ရေ၊    ကောင်းမွန်သည့် ရေနှင့်    သန့်ရှင်းမှုစနစ်တို့ကို    လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူများစွာအတွက်     အကြောင်းရင်းများ အလေးထားရှာဖွေ    ဖြေရှင်းကြရန်   ရည်ရွယ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ လူသားများ၏  ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးလာမှုကို ကာကွယ်ရန် ၁၉၉၂ ခုနှစ် ဇွန်လက ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ   ရာသီဥတုညီလာခံ၏  အစီအစဉ်(၂၁)နောက်ဆက်တွဲ ဆုံးဖြတ်ချက်အရ ရေသယံဇာတ၏ အရေးပါမှုကို ဂရုပြုမိလာစေရန် နှစ်စဉ် မတ် ၂၂ ရက် ကို ကမ္ဘာ့ ရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 


ရေသည် လက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်ရန် မလွယ် ကူပေ။ နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကအခန်းကဏ္ဍ၌    ပါဝင်နေသည်။   ကမ္ဘာ့ မြေမျက်နှာပြင်၏ ၇ဝ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသော်လည်း   လူသားများအသုံးပြုနိုင် သော သန့်စင်သည့် ရေပမာဏမှာ ၂ ဒသမ ၅ ရာခိုင် နှုန်းသာရှိသည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့်  သောက်သုံးရေမရရှိနိုင်သေးသည့်အတွက် ကျန်းမာရေး၊ ပညာရေးနှင့်  အသက် မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် သက်ရောက်မှု များရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံ ခန့်သည်လည်း   ကောင်းမွန်သည့်   မိလ္လာစနစ်ဖြင့် အလှမ်းဝေးနေဆဲဖြစ်သည့်အတွက်    ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၈ မှ ၂၀၂၈  ခုနှစ်အထိကို ရေဆိုင်ရာ     စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများ အတွက်    အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။

 


ကမ္ဘာကြီးမှာ ကိန်းဂဏန်းအရ ရေထုထည် ၃၃၂ ဒသမ ၅ သန်း ကုဗမိုင်ခန့်မပြောင်းမလွဲ တည်ရှိနေ သည်။   ကမ္ဘာ့လူဦးရေမှာ   တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲတိုးတက်လာနေသောကြောင့်  ရေသုံးစွဲ မှုမှာလည်း မုချမသွေတိုးလာမည်မှာမလွဲပါ။ ရေသည် အသက်ရှင်ရပ်တည်ရေးအတွက်  အဓိက ဖြစ်သဖြင့် အစဉ်အမြဲလိုအပ်နေမည်မှာ  မုချအမှန်သာဖြစ်ပေ သည်။   ရေထုထည်သည်   တိုးလာဖို့မရှိသည်ကို သတိပြုရန်လိုပါသည်။  တန်ဖိုးကြီးမားလှသည့်ရေကို  ဘက်ပေါင်းစုံမှ  ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှ သာလျှင်   ရေအရင်းအမြစ်များ   မပျောက်မပျက် ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ တန်ဖိုးကြီးမားလှ သည့်    ရေအတွက်  နှစ်စဉ်ပဋိပက္ခများ  တဖြည်း ဖြည်းတိုးပြီးဖြစ်လာခဲ့ရာ  ၂၀၁၈ ခုနှစ်၌ပင် ၂၆၄ ကြိမ် ဖြစ်ပွားခဲ့သည်ကို သိရှိရသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများမှ    ဦးစီးလျက်    ရေအရင်းအမြစ်ကို ထိန်းသိမ်းနိုင်မည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကို ကာကွယ်နိုင်ရန်  ဖန်လုံအိမ် အာနိသင် လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးတို့ကို အားသွန်ခွန် စိုက်       ကြိုးပမ်း     ဆောင်ရွက်နေကြသည်ကို  လည်း တွေ့မြင်နေရသည်။

 


သဘာဝဘေးအန္တရာယ်များ
နှစ်စဉ်ကြုံတွေ့နေရ


ကမ္ဘာကြီးပူနွေးလာမှု၊   သစ်တောပြုန်းတီးမှု၊ တောတောင်ပြုန်းတီးမှု၊ အဖိုးတန်ဓာတ်သတ္တုများ အလွန်အကျွံထုတ်ယူသုံးစွဲမှု၊  မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှု အစရှိသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူ လုပ်ရပ်များကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာ ရသည့် ရာသီဥတုပြောင်းလဲမှုနှင့်အတူ သဘာဝ ဘေးအန္တရာယ်များကို     နှစ်စဉ်ကြုံတွေ့လာနေ ရပြီဖြစ်သည်။       ရာသီဥတုပြောင်းလဲလာမှုများကြောင့်     စိုက်ပျိုးရေးကို       အဓိက အားထားလုပ်ကိုင်နေကြရသည့်     ဒေသကြီးများ တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း ၊ မိုးခေါင်ခြင်း အစရှိသည့် သဘာဝဘေး ဒဏ်တို့ကို အလူးအလဲခံစားနေကြရသည်။ အချို့ ဒေသများတွင်    ရေကြီးခြင်းဒုက္ခကို   ခံစားနေရ သကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း တို့တွင် မိုးခေါင်မှုကြောင့် မိုးရေကိုသာ အဓိက အားထားနေရသည့်   ဒေသများ၌   နွေရာသီတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု၊ ပြတ်လပ်မှု ကြုံတွေ့နေသည်။

 


မြန်မာနိုင်ငံတွင်   နွေရာသီ   ရေရှားသည့် ပြဿနာကို   အပူပိုင်းဇုန်   တိုင်းသုံးတိုင်းဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးကြုံတွေ့နေရပြီး ရာသီဥတုပြောင်းလဲခြင်း နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်း များကြောင့် ကျန်တိုင်းဒေသကြီး/ပြည်နယ် အချို့ တွင်လည်း  ရေရှားပါးသည့်ပြဿနာကို    နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည်။  ရေရှားပါးပြတ်လပ်မှု များကို   ချက်ချင်းတုံ့ပြန်နိုင်စေရန်နှင့်   အချက် အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေ ရန်အတွက်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ www.water-donation.com website တွင် ထုတ်ပြန်ထားရှိပြီးဖြစ်သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ   ၂၀၁၉ - ၂၀၂၀   ဘဏ္ဍာနှစ်အထိ နွေရာသီ ရေရှားပါးကျေးရွာ ၂၂၃၆ ရွာသို့ ရေဂါလန် ပေါင်း ၃၀ ဒသမ ၀၃၅၄ သန်း   ဖြန့်ဝေပေးခဲ့ပြီး အိမ်ခြေ သန်း ဝ ဒသမ ၅ဝ ၊ လူဦးရေ သန်း  ၂ ဒသမ ၄၁ဝ အကျိုးခံစားမှု ရရှိခဲ့သည်။

 

 ဦးစီးဌာနပိုင် ရေသန့်စင်ကား ၁၀ စီးဖြင့်လည်းကောင်း ၊ ရေသယ် ယာဉ် အစီး ၂၀ ဖြင့် လည်းကောင်း   ရေရှားပါး ကျေးရွာများသို့  သောက်သုံးရေများ  ဖြန့်ဝေပေး လျက်ရှိသည်။
နွေရာသီကာလအတွင်း သောက်သုံးရေ မပြတ် လပ်စေရေးအတွက် ကျေးလက်ဦးစီးဌာနအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်  တိုင်း ဒေသကြီး/ပြည်နယ် ၁၇ ခုနှင့်အတူ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ကျင်းပခဲ့ရာ  တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးကြီးများ၏ တင်ပြချက်အရ ၂၀၂၁ ခုနှစ် နွေရာသီကာလတွင် မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၇၄ ရွာတွင် သောက်သုံးရေရှားပါး နိုင်ကြောင်း ခန့်မှန်းသိရသည်။ နွေ၏အငွေ့အသက် ရရုံမျှဖြင့်      ရေရှားပါးပြတ်လပ်မှုသတင်းများကို စတင်ကြားနေရပြီဖြစ်သည်။ ကယား ၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ နေပြည်တော် စသည့် တိုင်းဒေသကြီး/ပြည်နယ် ငါးခုရှိ ကနဦး သောက်သုံးရေ ရှားပါးသည့် ကျေးရွာ ၁၇ ရွာတွင် ရေဂါလန် ပေါင်း ၄၄၆ဝဝ ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။

 


မြန်မာနိုင်ငံတွင် မိုးနည်းရပ်ဝန်းဒေသများမှာပင် ကန်တွေ ၊ ကျုံးတွေများစွာရှိသဖြင့် ရေကို အလျှံပယ် သုံးစွဲနိုင်ခဲ့ကြသည်။  မိုးရွာသွန်းမှုမရှိသည့်အခါ သိုလှောင်ထားသောရေသည်လည်း   ရှိနိုင်မည် မဟုတ်ပေ။ အငွေ့ပြန်ခြင်း၊ သတ္တဝါအများ သုံးစွဲခြင်း ဖြင့် ကုန်ခန်းသွားနိုင်သည်။ မြေအောက်ရေနေနိုင် ရန်လည်း     ထိန်းသိမ်းစောင့်ရှောက်ထားသင့်  သည်။  ကန်ရေ၊  ကျုံးရေများကဲ့သို့  တိုက်ရိုက် နေရောင်ခြည်ဖြင့်  မတွေ့ထိစေဘဲ  သဲချောင်းအောက် ၌လည်း မိုးရေကိုအုတ်တမံလုပ်၍ သိုလှောင်ထားနိုင် သည်။ မိုးရေစီးလာသည့်အခါ   တမံနောက်တွင် သဲနှင့် ရေများကျန်ရစ်ပြီး တမံထိပ်အထိ  တဖြည်း ဖြည်း မို့တက်လာသည်။ ထိပ်မှာ သဲများကိုတွေ့ရ သော်လည်း ၄ဝ ရာခိုင်နှုန်းမှာ   ရေများဖြစ်ကြသည်။ လက်ယက်တွင်းအဖြစ်    ရေများရယူနိုင်သည်။ အငွေ့ပြန်ခြင်းမရှိဘဲ မိုးရေကို  စုဆောင်းနိုင်သော နည်းစနစ်ဟု ဆိုရပါမည်။

 


ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်(၆)  မျှော်မှန်းချက်များ၊    ကျေးလက် ရေရရှိရေး   မဟာဗျူဟာပါ   ရည်မှန်းချက်များ ပြည့်မီစေရေး ၊ ကျေးလက်ဒေသများသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ကြိုးပမ်းကြရာတွင် ပြည်သူ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါ သော အခန်းကဏ္ဍဖြစ်သည်။ ကမ္ဘာ့အပူချိန်တိုးလာ ခြင်းနှင့်အတူ မိုးခေါင်ခြင်း ၊ သဲကန္တာရများတိုးလာ ခြင်းတို့က ရေရှားပါးမှုနှုန်းကို မြင့်တက်လာစေသည်။ ရေရှားပါးမှုကို ထိခိုက်ခံစားကြရသူများမှာ  ကမ္ဘာ့ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ကမ္ဘာ့လူဦးရေ ၈၄၄ သန်း သည် သောက်သုံးရေစနစ် မခံစားရသေးကြောင်း၊ လူ ၈၉၂ သန်းသည် အညစ်အကြေးများကို အကာ အကွယ်မဲ့သည့် ပတ်ဝန်းကျင်များတွင် စွန့်ပစ်သည့် စနစ်ကို ကျင့်သုံးခဲ့ကြကြောင်း အစီရင်ခံစာတစ်ရပ် တွင် ဖော်ပြထားသည်။

 


မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ၏ စုစုပေါင်း  ရေအရင်းအမြစ်  ၁၆  ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အာရှဒေသ၏ ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်းကို   ပိုင်ဆိုင်ထားသည်။   အလယ်ပိုင်း ခြောက်သွေ့သော အပူပိုင်းဒေသများမှလွဲ၍ ရွာသွန်း မိုးရေ ကောင်းမွန်ခြင်း ၊ မြစ်ချောင်းများနှင့် သဘာဝ ရေကန်များစွာ ရှိနေခြင်းနှင့် မြေအောက်ရေထိန်း ထားနိုင်သော အလွှာရှိနေခြင်းတို့မှာ သဘာဝက ပေးအပ်ထားသော   လက်ဆောင်မွန်ဖြစ်သည်။ 

 


ရာသီဥတုဖြစ်စဉ်များနှင့်အတူ  ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှု ၊ မုန်တိုင်းဖြစ်ပေါ် မှုနှင့် အချို့ဒေသများတွင်  ထူးခြားစွာ  မိုးရေချိန် နည်းပါးခြင်း ၊ ဆည်တမံများ ၌ ရေအဝင်နည်းခြင်း စသည့်အခြေအနေများကို    ရင်ဆိုင်လာရသည်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ရေလှောင်တမံများတွင် သောက်သုံးရေ တစ်မျိုးတည်းသာ ပေးဝေနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးရေပေးဝေရန်   မလုံလောက်မှုကြောင့် အခြားသီးနှံများ        ပြောင်းလဲစိုက်ပျိုးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ  လုပ်ဆောင်လာရ သည်။

 


မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲလာမှု၏ အကျိုးဆက်ကို     သိသိသာသာခံစားနေရခြင်း၊ နိုင်ငံတစ်ဝန်းရှိ ရေဝေရေလဲဒေသများကို ထိန်းသိမ်း နိုင်စွမ်းမရှိခြင်းတို့ကြောင့်   ရေအရင်းအမြစ်များ ဆုံးရှုံးပြီး နွေရာသီကာလ မရောက်မီကပင် မြစ်၊ ချောင်း၊ အင်းအိုင်များ ၊ ရေတွင်းရေကန်များ ခန်း ခြောက်လာသည်။ ဆည်မြောင်း ၊ တာတမံများလည်း ရေနည်းပါးခြင်းနှင့်    ရင်ဆိုင်လာရသည်။   လူဦးရေ တိုးပွားလာမှုနှင့်အတူ    မြို့ပြဖွံ့ဖြိုးလာခြင်း ၊ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့်  ကျေးရွာအခြေပြု    စီးပွားရေး  လုပ်ငန်းများဖွံ့ဖြိုးလာခြင်းတို့ကလည်း  ရေအရင်း အမြစ်များ အလျင်အမြန်လျော့ပါးမှုကို တွန်းအား ပေးလျက်ရှိသည်။

 


သောက်သုံးရေကန်မှ ရေရယူသုံးစွဲပုံစနစ် မမှန် ကန်ခြင်း ၊ သောက်သုံးရေကန် သန့်ရှင်းရေး သတိပေး ချက်များကို မလိုက်နာခြင်း၊ သောက်သုံးရေကန် အနီး ဝန်းကျင်၌ မိလ္လာ၊ အညစ်အကြေး နှင့် စွန့်ပစ်ပစ္စည်း၊ အမှိုက်ပုံတို့ ရှိနေခြင်း ၊ သောက်သုံးရေကန်များကို ရေရှည်ထိန်းသိမ်းပြုပြင်မှုမရှိခြင်း၊ ရေတွင်းတူးရန် မြေနေရာရွေးချယ်မှု မမှန်ကန်ခြင်းတို့ ပါဝင်သည်။ သောက်သုံးရေတွင်းဖြစ်စေရန် အညစ်အကြေးစွန့်ပစ် သောနေရာ၌ ပေ ၅၀ ဝေးကွာပြီး မြင့်သောအပိုင်းတွင် ရှိရမည် ဖြစ်သည်။ ရေဝပ်ရေလျှံသော နေရာကိုလည်း လုံးဝ မရွေးချယ်မိရန် အရေးကြီးသည်။

 


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သောက်သုံးရေ ရှားပါးမှု ဖြည့်ဆည်းရေးအတွက်  ၂၀၂၀- ၂၀၂၁ မှ ၂၀၃၀-၂၀၃၁ အထိ ၁၀နှစ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသ ကြီး  ညောင်ဦးမြို့နယ်ကို  Pilot Project အဖြစ် အချက်အလက်များ     ကွင်းဆင်းကောက်ယူရာ၌ မြေပြင်တွင်  ကျေးရွာပေါင်း ၈၀ ထပ်တိုးသဖြင့် စုစု ပေါင်းရွာ ၃၀၀  အထိ    ရှိကြောင်း သိရသည်။ ကျေးလက်များတွင်  သုံးရေအတွက် အဆင်ပြေ မှုရှိသော်လည်း အဓိကလိုအပ်သည့် သောက်သုံး ရေရှားပါးမှု ဖြည့်ဆည်းနိုင်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး ယခု စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကတည်းက  ပြင်ဆင်ခဲ့ရာ ယခု ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ ၂၀၃၁ ခုနှစ်တွင်တစ်နိုင်ငံလုံးရှိ သောက်သုံး ရေရှားပါးမှုကြုံတွေ့နေရသော       ကျေးရွာများ အားလုံးတွင် သန့်ရှင်းသော သောက်သုံးရေရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။

 


များမကြာမီ ပူပြင်းခြောက်သွေ့သော ရာသီ ရောက်ရှိလာမည်။  ရေသည်   အသက်သွေးတမျှ အရေးကြီးသည်ကို မုချတွေ့ကြုံရပေမည်။ ရေသည်  သက်ရှိသတ္တဝါများအတွက် အရေးပါဆုံးဓာတ်ဖြစ် ပြီး  ရေဓာတ်မရှိပါက အသက်ရှင်နိုင်မည်မဟုတ် သကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း  နှောင့်နှေးစေသည်။ လူဦးရေတိုးတက်များပြားလာ နေသော ယနေ့ကမ္ဘာကြီးတွင် ရေလိုအပ်ချက်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ကမ္ဘာကြီးတည်တံ့ ခိုင်မြဲရေးနှင့် ရေအရင်းအမြစ်လုံခြုံမှုရှိရေးသည် လည်း အရေးကြီးသည်။ အစိုးရအနေဖြင့် ရေသယံ ဇာတများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် အမျိုးသား   ရေသယံဇာတ    ဥပဒေတစ်ရပ်    ရေးဆွဲအကောင် အထည်ဖော်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း မှုကို  စနစ်တကျလုပ်ဆောင်ခြင်း၊ အများပြည်သူ တို့ကလည်း ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး အတွက် စနစ်တကျ အသုံးပြုခြင်းဖြင့်  ရေအရင်း အမြစ်များကို စနစ်တကျ ထိန်းသိမ်းသင့်သည်။ ရေကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ ကို   ကျော်လွှားနိုင်မည်ဟု   မျှော်လင့်ပါကြောင်း ရေးသားလိုက်ရပါသည်။      ။