ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

 

ဆည်ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချပြီး မိမိတို့၏ 
စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ပြောင်းလဲလာအောင် ရှေးရှုဆောင်ရွက်သွားကြရမည်

 

နေပြည်တော်   ဩဂုတ်    ၂၆


ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာ ကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေ၊  ဇေယျာသီရိ မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊   ကောင်စီတွဲဖက်အတွင်းရေးမှူး 
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးမှ ရေအသုံးချသူများအဖွဲ့ခေါင်းဆောင် တောင်သူများ နှင့်    အဖွဲ့ဝင်တောင်သူများ၊   တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အဖွင့်အမှာစကားပြောကြား 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က  အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောပြီး စားရေရိက္ခာပေါများသည့်  နိုင်ငံဖြစ်ပေါ်လာစေရေး အတွက်   အဓိကကျသည့်   လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို   ဦးတည်ချက်နှင့်  မူဝါဒများ ချမှတ် အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိကြောင်း။

 


မိမိတို့ မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါများ ကြွယ်ဝသည့်    နိုင်ငံတစ်ခုဖြစ်ကြောင်း၊  နိုင်ငံ၏ အလယ်ပိုင်း၌ မြောက်မှတောင်သို့ စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီး  ၄  စင်းတွင် မြစ်လက်တက်များစွာရှိပြီး နှစ်စဉ်ရေဧက ပေသန်းပေါင်း ၈၇၆ သန်းခန့် ပင်လယ်ထဲသို့ စီးဆင်း ဝင်ရောက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အဆိုပါမြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ဆည်တမံ  ၂၄၅    ခုနှင့်  ရေတင်လုပ်ငန်း  ၂၁၀ တို့ တည်ဆောက်ထားပြီး နှစ်စဉ်ပင်လယ်ထဲသို့ စီးဆင်း လျက်ရှိသည့် ရေထုထည်ပမာဏ၏ ၂ ဒသမ ၃ ရာခိုင် နှုန်းခန့်ကို အသုံးပြုလျက်ရှိကြောင်း။

 


 ဆည်ရေပေးဝေ


တစ်နိုင်ငံလုံးတွင် သီးနှံမျိုးစုံ စိုက်ဧက ၃၃ ဒသမ ၂  သန်းခန့်ရှိပြီး   မိုးကောင်းရေသောက်၊  ဆည်ရေ သောက်၊ မြစ်ရေတင်စိုက်ပျိုးမြေသည် ၂၅ ဒသမ ၅၁၇ သန်းခန့်ရှိကာ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက   ၃   သန်းခန့်ရှိကြောင်း၊  အဆိုပါ စိုက်ပျိုးမြေများထဲမှ  ရေသွင်းစိုက်ဧရိယာ  ဧက  ၆ ဒသမ ၇၁ သန်းရှိသည့်အတွက် သီးနှံမျိုးစုံ စိုက်ပျိုးနေ သည့် အသားတင်စိုက်ဧရိယာ ဧက ၃၃ ဒသမ ၂ သန်း ၏  ၂၀  ရာခိုင်နှုန်းကျော်ကို  ဆည်ရေပေးဝေလျက် ရှိသည်ကို တွေ့ရကြောင်း၊ ရေအသုံးချမှု စနစ်တကျ ပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်ကို စပါး၊ ပဲ၊ စပါး၊  စပါး၊ နေကြာ၊ စပါး၊ စပါး၊ နှမ်း၊ စပါး အခြား စပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုးစသည်ဖြင့် မိမိကြိုက်နှစ် သက်ရာသီးနှံများကို  ၃  သီး  စိုက်ပျိုးသွားနိုင်မည် ဆိုပါက   တောင်သူများ၏   လူမှုစီးပွားဘဝသည် များစွာပြောင်းလဲသွားမည်ကို တွေ့မြင်နိုင်ကြောင်း။

 


စိုက်ပျိုးသီးနှံများ       အောင်မြင်ဖြစ်ထွန်းရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာ အရေးပါသည့်အတွက်   နိုင်ငံတော်အစိုးရအနေဖြင့် လည်း   ဆည်မြောင်းစီမံကိန်းများကို  အလေးထား ရင်းနှီးမြှုပ်နှံပေးလျက်ရှိကြောင်း။

 


စိုက်ပျိုးရေးဆိုသည်မှာ ရေနှင့်မကင်းကြောင်း၊ စိုက်ပျိုးရေ၊    အောင်ရေမရဘဲ   ရာသီသီးနှံများ မဖြစ်ထွန်းနိုင်သကဲ့သို့ ရေမရပါကလည်း မည်သည့် သီးနှံမှ မဖြစ်ထွန်းနိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဆည်မြောင်း စီမံကိန်းလုပ်ငန်းများဖြစ်သည့် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊ ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများ၊  လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများ၊   မြေအောက်ရေ ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများ၊    ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေမှုလုပ်ငန်းများ၊ မြေအောက်ရေထိန်း ရေလှောင်တမံလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိသည်ကို   တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့သည့်  ဆည်ရေအရင်းအမြစ် များကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ ပြီး   မိမိတို့၏  စိုက်ပျိုးမွေးမြူရေးကဏ္ဍ  တိုးတက် ပြောင်းလဲလာအောင် ရှေးရှုဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


တစ်ဖက်တွင်လည်း        ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့် ကမ္ဘာနှင့်အဝန်း ရေသယံဇာတ များဆုတ်ယုတ်ခြင်း၊ ရှားပါးခြင်းများ ဖြစ်ပေါ်ခံစားနေ ကြရကြောင်း၊ ထို့ကြောင့် လူနှင့် သစ်ပင်၊ တိရစ္ဆာန် များအတွက် မရှိမဖြစ် ဖြစ်သည့် ရေသယံဇာတများ ကို အကျိုးမဲ့အလဟဿ မဆုံးရှုံးစေရန်နှင့် အနာဂတ် တွင် ရေရှည်သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာခြင်း၊ ထိရောက်အကျိုးရှိစွာ သုံးစွဲခြင်းများကို မဖြစ်မနေ ဆောင်ရွက်ကြရန်   လိုအပ်လာပြီဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်   တစ်ဦးတစ်ယောက်၏ အင်အားနှင့် ဆောင်ရွက်၍မရဘဲ အားလုံးတစ်စိတ် တစ်ဝမ်းတည်း   ပူးပေါင်းပါဝင်ကြမှသာ  အောင်မြင် နိုင်မည်ဖြစ်ကြောင်း။

 


ထိရောက်စွာ  အသုံးပြုရန်လို


ယနေ့ အခမ်းအနားကို တက်ရောက်လာကြသူ များသည် ဆည်ရေကို အသုံးပြုကြသူများဖြစ်ကြောင်း၊ ရေ၏တန်ဖိုးကို    ရေအသုံးချသူတိုင်းသိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းပင်ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်း ပင်ဖြစ်စေ မိမိလေ့လာသုံးသပ်တွေ့ရှိချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်းသည် လုပ်ငန်းအောင်မြင်မှုအတွက် အခရာဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေး တွင် မြေဩဇာ(မွေးမြူရေးတွင် အစာ)၊ စိုက်ပျိုးရေနှင့် အောင်ရေ၊      စိုက်နည်းစနစ်တို့ပင်ဖြစ်ကြောင်း၊ ထိုအထဲတွင် အရေးအကြီးဆုံး၊ အဓိကအကျဆုံးမှာ “ရေ” ပင်ဖြစ်ကြောင်း၊     ရေမရှိဘဲ၊   ရေမပြည့်စုံဘဲ အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးရေးကို မရနိုင် ကြောင်း၊   ရေကိုအကျိုးရှိစွာ  အသုံးချနိုင်ခြင်းတွင် ကမ္ဘာမှာ    အစ္စရေးနိုင်ငံသည်  အကောင်းဆုံးဟု လေ့လာသိရှိရသည့်အတွက် မိမိတို့လည်း ၎င်းနိုင်ငံ တွင် သွားရောက်လေ့လာသင်ကြားခဲ့သည့် လူသား အရင်းအမြစ်များကို ထိရောက်စွာ အသုံးချဆောင် ရွက်သွားရန်လိုကြောင်း၊ ရေအသုံးချနိုင်မည့် စိုက်ပျိုး ရေး အင်ဂျင်နီယာပညာရပ်ကို ကျောင်းအသီးသီးတွင် အဆင့်လိုက်       ကျယ်ပြန့်စွာသင်ကြားပေးရန်နှင့် ထိရောက်စွာ  အသုံးပြုရန်လိုကြောင်း၊  ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင်           တည်ဆောက်ထားသည့်ဆည်မြောင်းတာတမံများက ထုတ်လွှတ်ပေးသည့် စိုက်ပျိုးရေများကို စနစ်တကျစီမံခန့်ခွဲအသုံးပြုနိုင်ရန်အတွက်    စိုက်ပျိုးထုတ်လုပ်သူ   တောင်သူ လယ်သမားကြီးများကိုယ်တိုင်   ထိရောက်စွာ ပါဝင် ကြရန် လိုအပ်ကြောင်း။
အဓိကသီးနှံဖြစ်သည့် စပါးတစ်ဧက အောင်မြင် စွာ ဖြစ်ထွန်းအောင်မြင်ရန်အတွက် မြေအမျိုးအစား ပေါ်မူတည်ပြီး ပျမ်းမျှရေ လိုအပ်ချက်မှာ ၅ ဧကပေ ခန့် ဖြစ်သည့်အတွက် ရေဂါလန်အားဖြင့် ၁၃ ဒသမ ၅  သိန်းဂါလန်   လိုအပ်သည်ဟု  ပညာရှင်များက ပြောကြောင်း၊ အထူးသဖြင့် နွေရာသီရေခန်းခြောက် ချိန်၊   ရှားပါးချိန်တွင်  ရေကုန်သက်သာစေရန်နှင့် ရေအလေအလွင့်   မရှိစေရန်အတွက်  နည်းပညာ အခြေခံသည့် ရေပေးဝေမှုစနစ်များကို ကြံဆသုံးစွဲ ကြရမည်ဖြစ်ကြောင်း၊   ဥပမာအားဖြင့်  ရေအလေ အလွင့်နည်းပါးစေသည့်     ရေပက်ဖျန်းသည့်စနစ် (Sprinkler)၊   အစက်ချရေပေးသည့့်စနစ်  (Drip Irrigation) အမျိုးမျိုးကို သီးနှံနှင့် ရေမြေအခြေအနေ ပေါ်မူတည် အသုံးပြုပြီး စိုက်ပျိုးရေကို ထိထိရောက် ရောက် အကျိုးအရှိဆုံး အသုံးပြုကြရန် လိုအပ်မည် ဖြစ်ကြောင်း၊   ရေချိုးရာတွင်  ရေပုံးဖြင့်ချိုးခြင်း၊ ရေခွက်ဖြင့် လောင်းချိုးခြင်းထက် ရေပန်းနှင့် ချိုးခြင်း က ရေကုန်ကျမှုကို သက်သာစေနိုင်သည်ကို မြင်တွေ့ နိုင်ကြောင်း။ 

 


အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်


ယခု တောင်သူအများစု ဆောင်ရွက်နေကြသည့် ဆည်ရေသောက်လုပ်ငန်းတွင် “ခွက်ဆင့်သောက်” လမ်းကြောင်းအလိုက် ရေပေးသွင်းခြင်း (Furrow Irrigation) ကိုသာ ကျင့်သုံးနေမည်ဆိုပါက လေလွင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မိမိလယ်အတွင်း   လယ်ကြားမြောင်းစနစ်များကို သေချာစွာပြုပြင်မွမ်းမံမှုမရှိခြင်းနှင့် ပင်မမြောင်းကြီး မှသွားသည့် မြောင်းလက်တံအဆင့်ဆင့်ကို ပြုပြင် ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်  တန်ဖိုးရှိသည့် ရေများ လေလွင့်မှုမဖြစ်စေရန် အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 


အလားတူ    ရေပေးမြောင်းများတစ်လျှောက် ရေစိမ့်ဝင်ဆုံးရှုံးမှု   အနည်းဆုံးဖြစ်စေရန်  လိုင်နင် စီခြင်းကိုလည်း   ဓနအင်အားပေါ်မူတည်ပြီး  ရင်းနှီး မြှုပ်နှံ    ဆောင်ရွက်ခြင်းဖြင့်လည်း   ရေလေလွင့်မှု နည်းပါးအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တူးမြောင်း များတွင် လိုင်နင်စီခြင်းအားဖြင့် ရိုးရိုးမြေသားမြောင်း များထက် ရေလေလွင့်မှု ၂၀ ရာခိုင်နှုန်းခန့် လျော့နည်း သက်သာသွားစေမည်ဖြစ်ကြောင်း။ 

 


ယခုနောက်ပိုင်း   ကုန်ကျစရိတ်သက်သာသည့် Poly   Ethylene   ကဲ့သို့  ပလတ်စတစ်အစများကို အသုံးပြုလာနိုင်ပြီဖြစ်သည့်အတွက် ရေပေးမြောင်း များကို လိုင်နင်ပြုလုပ်ပါက ဆောင်ရွက်ရန်လွယ်ကူပြီး အချိန်တိုအတွင်း ပြီးစီးနိုင်သည့်အပြင် ရေသွယ်ယူရာ တွင် လေလွင့်ဆုံးရှုံးမှုမရှိသလောက် နည်းပါးသွား စေမည်ဖြစ်ကြောင်း၊ မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံပုံစံ အမျိုးအစား၊ စိုက်ပျိုးသည့် မြေအခြေအနေ တို့အပေါ် မူတည်ပြီး ရေအလေအလွင့် နည်းပါးနိုင် မည့် နည်းလမ်းများကို ရွေးချယ်အသုံးပြုဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 


အဆင့်မြှင့်တိုးချဲ့ဖွဲ့စည်း


ထို့ကြောင့်       ရေပေးဝေသည့်မြောင်းများ၊ အဆောက်အအုံများ ရေရှည်တည်တံ့ပြီး ရေပေးဝေမှု စနစ်များ တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာ တောင်သူများစုဖွဲ့ကာ ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင်   ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် သက်ဆိုင်ရာ      ရေသောက်မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG)များကို     ဖွဲ့စည်းခြင်း၊    အဆိုပါအဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့်     ပိုမိုကျယ်ပြန့် အားကောင်းလာစေရန်   ရေအသုံးချသူများအသင်း (Water User Association- WUA) အဖြစ်သို့လည်း အဆင့်မြှင့်တိုးချဲ့ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း။
ထိုသို့ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဆည်ရေ ပေးဝေမှုကဏ္ဍ၌ သက်ဆိုင်ရာဌာနများနှင့် ရေအသုံးချ သူ   တောင်သူများကိုယ်တိုင်  ပူးပေါင်းပါဝင်ဆောင် ရွက်သည့်    အလေ့အထကောင်းများ  ဖြစ်ပေါ်လာ     စေရေးအတွက် “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (Participatory Irrigation Management– PIM)” တည်ထောင်ခြင်းဖြစ်ကြောင်း။

 


အကျိုးကျေးဇူးများ


ယခုစနစ်တွင် တောင်သူများကိုယ်တိုင် ပါဝင်စီမံ ဆောင်ရွက်ရသည့်အတွက်   တောင်သူအချင်းချင်း အကြား   ရေကြောင့်ဖြစ်ပွားရသည့်  ပဋိပက္ခများ ကင်းဝေးခြင်း၊ ဆည်ရေကို အကျိုးရှိစွာအသုံးပြုနိုင် မည်ဖြစ်သည့်အတွက် ရေအလေအလွင့်နည်းပါးပြီး ဆည်ရေစိုက်ဧရိယာ  ပိုမိုတိုးချဲ့ပေးဝေလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို    ရရှိလာစေမည်ဖြစ် ကြောင်း။

 


ဆည်ရေပေးဝေမှုစနစ်များတွင်  တောင်သူများ အနေဖြင့်     အသင်းအဖွဲ့များဖွဲ့စည်းပြီး     ညီညီ ညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်သည့် အလေ့အထ များ ဖြစ်ပေါ်လာမည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍများ တွင်သာမက မိမိတို့၏လူမှုစီးပွားဘဝတိုးတက်ရေး လုပ်ငန်းများကိုပါ စုပေါင်းဆောင်ရွက်လာနိုင်ကြမည် ဖြစ်ကြောင်း၊      လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှု လုပ်ငန်းများကို       အကျိုးတူလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ရာ၌ ယခုကဲ့သို့ အသင်းအဖွဲ့ များဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊   လက်ရှိ  နိုင်ငံတော်အနေဖြင့် လာမည့်ရာသီမှစပြီး နွေစပါးဧက ၈ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူ လယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ    ငွေကျပ်ဘီလီယံ ၄၀၀ အနက်မှ ငွေကျပ်ဘီလီယံ ၂၃၀ မတည်ထူထောင် ပေးထားပြီးဖြစ်သည်ကိုလည်း အသိပေးပြောကြား လိုကြောင်း။

 


တောင်သူများအနေဖြင့် ရေအသုံးချသူများအဖွဲ့/အသင်းတို့တွင်  ပါဝင်ပြီး    အဆိုပါအသင်းအဖွဲ့များ မှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေး အတွက်   တစ်ဖက်တစ်လမ်းက  ဆောင်ရွက်လျက် ရှိကြသည့်    အစိုးရမဟုတ်သော  စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများ၊   အခြားမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပိုမိုချိတ်ဆက် ဆောင်ရွက်လာနိုင်ခြင်း အားဖြင့်   ရေရှည်တည်တံ့ပြီး  အားလုံးပါဝင်သည့် စီးပွားရေးအသိုက်အဝန်း    ဖြစ်ပေါ်လာစေမည်ဖြစ် ကြောင်း။

 


ထို့ကြောင့်   ရေအသုံးချသူတောင်သူများအား မိမိတို့ကြုံတွေ့နေကြရသည့်      အခက်အခဲများ၊ ပြဿနာများကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက် တတ်စေရန်၊ ဆည်ရေစီမံခန့်ခွဲမှုနည်းပညာဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်နှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် ထွန်းကားလာစေရန်တို့အတွက် ရေအသုံးချသူများအဖွဲ့၊ အဖွဲ့ဝင် တောင်သူများကို သင်တန်းပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရေသောက်စနစ်များမှ ရေအသုံးချသူများ အဖွဲ့ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး နေပြည်တော် တွင် ဆွေးနွေးပွဲအခမ်းအနားကို ယခုကဲ့သို့ကျင်းပရခြင်းဖြစ်ကြောင်း။

 


လူမှုစီးပွားဘဝမြှင့်တင်ရေး


နိုင်ငံတော်အစိုးရက   လယ်ယာကဏ္ဍ  ဖွံ့ဖြိုး တိုးတက်မှုအတွက် စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာတွင် တောင်သူလယ်သမားများအနေဖြင့်လည်း “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” ဆိုသည့် စကား ရပ်နှင့်အညီ    လယ်ယာကဏ္ဍနှင့်  တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

 


ထို့ကြောင့်  ဆည်ရေပေးဝေမှုလုပ်ငန်းများတွင် တောင်သူကြီးများကိုယ်တိုင် ပါဝင်စီမံပြီး မိမိတို့၏စုပေါင်းအင်အားများဖြင့် တစ်နိုင်ငံလုံး ကျယ်ကျယ် ပြန့်ပြန့်    ဆောင်ရွက်သွားကြရန်နှင့်  မိမိအကျိုး၊ နိုင်ငံတော်အကျိုးမျှော်ကိုးပြီး   သာယာဝပြော၍ စားရေရိက္ခာ     ပြည့်စုံကြွယ်ဝသည့်    နိုင်ငံတော် အဖြစ်   ရပ်တည်နိုင်အောင်    ပါဝင်ဆောင်ရွက်ပေး ကြရန်     တိုက်တွန်းလိုပါကြောင်းဖြင့်    ပြောကြား သည်။

 


ယင်းနောက်    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲနှင့်စပ်လျဉ်း၍   ရှင်းလင်း တင်ပြသည်။

 


ထို့နောက် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်မှု    Video  မှတ်တမ်းကို ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည်   မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ပြခန်းများကြည့်ရှု


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်  အခမ်းအနားတက်ရောက်လာကြသည့် နိုင်ငံ တစ်ဝန်းရှိ    ရေအသုံးချသူများ  အဖွဲ့ခေါင်းဆောင် တောင်သူများကို   ရင်းရင်းနှီးနှီး  နှုတ်ဆက်စကား ပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၏    ရေအသုံးချသူများအဖွဲ့  လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းပြခန်း၊ ငလိုက်ရေလှောင်တမံ ဆည်ရေသောက်စနစ်ပြခန်း၊ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေး         သင်တန်းကျောင်းပြခန်း၊ ဘူမိဗေဒဌာနခွဲမှ   မြေအောက်စူးစမ်းလေ့လာခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်    အသုံးပြုသော စက်ကိရိယာများပြခန်း၊    ရေလှောင်တမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် ပြခန်း၊    နေရောင်ခြည်စွမ်းအင်သုံး   အနိမ့်တင်၊ အမြင့်တင် ရေစုပ်စက်များဖြင့် ရေတင်ယူခြင်းပြကွက်၊ စက်မှုလယ်ယာဦးစီးဌာန၏      စက်မှုလယ်ယာ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းပြခန်း၊ ပတ်လည်ရေဖျန်းစနစ်ဖြင့် စိုက်ခင်းများ ရေပေးဝေ ခြင်း ပြခန်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့  ပူးပေါင်းဆောင်ရွက်သည့်   သဘာဝမြေဩဇာ ထုတ်လုပ်မှုပြခန်းများနှင့် ပြင်ပပြကွက်များ၌ ရေစုပ် စက်ကိရိယာများ၊      ရေဖျန်းစက်ကိရိယာများ၊ လယ်ယာသုံးစက်ကိရိယာများ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း)မှ  ထုတ်လုပ်သည့် နေရောင်ခြည်စွမ်းအင်သုံးရေပန့်စနစ်၊  Head  Mist Sprinkler   ရေမှုန်ဖျန်းကိရိယာ  Water  Supply Flimpipe (Drip) ရေအစက်ချကိရိယာ၊ Rootzone Mini- Sprinkler   အသေးစားအမြစ်ဇုန်ရေဖျန်း ကိရိယာများအသုံးပြု၍ သီးနှံများစိုက်ပျိုးထားရှိမှု များ၊ အမြင့်တင်နှင့် အနိမ့်တင်ရွေ့လျားဆိုလာစနစ် သုံး ရေတင်စနစ်၊ ရေစီးနှုန်းတိုင်းကိရိယာ Global Water Flow Probe ဖြင့် တိုင်းတာဆောင်ရွက်မှု၊ တူးမြောင်းများ အမျိုးအစားအလိုက် လိုင်နင်စီခြင်း သရုပ်ပြသထားမှုများ၊   ရေထိန်းညှိရေတံခါးများ တပ်ဆင်၍ ရေပေးဝေမှု သရုပ်ပြသမှုများနှင့် ရေသွင်း စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ သည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။

 


အဆိုပါ  ပူးပေါင်းပါဝင်  ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ရေအရင်း အမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ  စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများကို      အထောက်အကူပြုစေရန်၊ စနစ်တကျ     တည်ဆောက်ထိန်းသိမ်းထားသည့် ဆည်တမံရေတင်လုပ်ငန်းများမှ ရေများကို စိုက်ကွင်း များအရောက်    အသုံးပြုရာတွင်  အလေအလွင့် အနည်းဆုံးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး အထောက်အကူပြုစေရန်၊       ရေစီမံခန့်ခွဲမှုတွင် ရေအသုံးချသူများကိုယ်တိုင် ပူးပေါင်းပါဝင်စီမံခန့်ခွဲ သည့်စနစ်သို့      မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်၊ ရေအသုံးချသူများအဖွဲ့(WUG)မှ ရေအသုံးချသူများ အသင်း(WUA)များ မြှင့်တင်ဖွဲ့စည်းပြီး ဆည်ရေစီမံ ခန့်ခွဲမှုကို    တောင်သူများသို့  လွှဲပြောင်းနိုင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုရန် ကျင်းပခဲ့ ခြင်းဖြစ်ပြီး   ရေအသုံးချသူများအဖွဲ့ (WUG) နှင့်    ရေအသုံးချသူများအသင်း (WUA)များတွင် တက်ကြွ စွာပါဝင်ရေး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ပိုမိုထွန်းကားလာစေရန် ရေစီမံ ခန့်ခွဲမှုဆောင်ရွက်ရာတွင် ရေအသုံးချသူများအဖွဲ့ တို့၏ အခန်းကဏ္ဍအရေးပါမှုနှင့် ဆည်ရေစီမံခန့်ခွဲမှု ဆိုင်ရာ အသိပညာများ  ပြန့်ပွားရေးမြှင့်တင်ဆောင် ရွက်မှုလုပ်ငန်းစဉ်များကို    အထောက်အကူပြုရန်၊ အသင်းအဖွဲ့များ    အားကောင်းလာပါက   အဖွဲ့ဝင် တောင်သူများအချင်းချင်းညှိနှိုင်း၍ တူညီသည့် သီးနှံ ပုံစံရွေးချယ်ပြီး    စိုက်ပျိုးရိတ်သိမ်းချိန်  တူညီစွာ တစ်ဆက်တစ်စပ်တည်း   စိုက်ပျိုးနိုင်ခြင်းကြောင့် ဈေးကွက်ဝင်ထုတ်ကုန်များ   ပိုမိုတိုးတက်စိုက်ပျိုး ထုတ်လုပ်လာနိုင်ပြီး အသင်းအဖွဲ့အနေဖြင့် ခိုင်မာ သော ဈေးကွက်များနှင့်ချိတ်ဆက်၍ ဝင်ငွေတိုးတက် ရရှိလာစေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖြန့်ဝေပေးနိုင်ရန်၊   WUG/WUA  များ ဖွဲ့စည်းပြီး တောင်သူများ ပူးပေါင်းပါဝင်မှုဖြင့် လယ်ယာကဏ္ဍ နှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့်         ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရေအသုံးချ သူများအဖွဲ့ခေါင်းဆောင် တောင်သူများနှင့် အဖွဲ့ဝင် တောင်သူ   ၂၀၀  တက်ရောက်ကြပြီး  တောင်သူ ၂၅၀  က Online Virtual ဖြင့် တက်ရောက်ကြသည်။ 

 


ဆွေးနွေးပွဲ တက်ရောက်လာသည့် ရေအသုံးချသူ များအဖွဲ့ခေါင်းဆောင်   တောင်သူများနှင့်  အဖွဲ့ဝင် တောင်သူများသည် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွား ဘဝမြှင့်တင်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်တက်ရောက်        ပါဝင်ဆွေးနွေးခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ   သင်တန်းနှင့်  စိုက်ပျိုးရေး သုတေသနဆိုင်ရာပို့ချမည့် သင်တန်းများသို့လည်း ကောင်း၊    ဆည်ရေစီမံခန့်ခွဲမှုနှင့်  ရေအသုံးချသူ တောင်သူများ၏ အခန်းကဏ္ဍနှင့် စိုက်ပျိုးသီးနှံနှင့် မြေအသုံးချမှုဆိုင်ရာ      အသိပညာများပို့ချမည့် သင်တန်းများသို့လည်းကောင်း လေ့လာတက်ရောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်