ပူးပေါင်းဆောင်ရွက်မှ တိုးတက်ကောင်းမွန်မည်

“မိမိတို့နိုင်ငံသည် ပြည်မကို ဗဟိုပြု၍ တိုင်းရင်းသားဒေသများနှင့် ပေါင်းစည်းထား သည့် ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆကွဲလွဲမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍  ဒီမိုကရေစီနှင့် ဖက်ဒရယ် ကိုအခြေခံသည့်၊  မိမိနိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုးကို  ကျင့်သုံးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  နိုင်ငံတော်ကို   အုပ်ချုပ်ရာတွင်   တစ်ဗိုလ် တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့်အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုရှိရမည်ဖြစ် သဖြင့် ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီတို့  ပူးပေါင်းဆောင်ရွက်မှသာလျှင် အေးချမ်း သာယာပြီး   ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကို  ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၉ ရက်တွင် လားရှိုးတပ်နယ်ခန်းမ ၌ ပြောကြားခဲ့သည်။


လွတ်လပ်ရေးနှင့်အတူ မွေးဖွားခဲ့သော တပ်မတော်သည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်တွင်းပဋိပက္ခနှိမ်နင်းရေးတာဝန်များကို  ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ရာတွင် ပြည်သူတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကို လည်း   အစဉ်တစိုက်ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ဖြစ်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ ရာတွင် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင်လုပ်ဆောင်၍ ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်တို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်းတွင် တွေ့ရမည်ဖြစ်သည်။ ယင်းတို့သည် တပ်မတော်၏ဆန္ဒဖြစ်ပြီး မွန်မြတ်ကောင်းမွန်သော တပ်မတော်၏ အစဉ်အလာကောင်းများကို    ဆက်လက်ထိန်းသိမ်းလုပ်ဆောင်လျက်ရှိသည်။ တပ်မတော်သည်  ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့ ၏အကျိုးစီးပွားကို   ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ    ယနေ့ထက်တိုင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ကို သမိုင်းကြောင်း အား မှန်ကန်စွာရှုမြင်လျှင် သိမြင်နိုင်မည်ဖြစ်သည်။


မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့်  ပထဝီဝင်သဘောအရ   မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော  ပြည်ထောင်စုနိုင်ငံဖြစ်သည်။ စည်းလုံးညီညွတ်မှု အထူးလိုအပ်ပြီး ပဋိပက္ခများနှင့် အမြဲရင်ဆိုင်ဖြေရှင်းနေရသည်။ တပ်မတော်သည် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းပဋိပက္ခများကို နှိမ်နင်း ဖြေရှင်းပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့သော် လည်း ညီညွတ်မှုပြိုကွဲပြီး ခိုင်မာအောင် မတည်ဆောက်နိုင်သဖြင့် တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ရသည်။ တပ်မတော်သည် ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။ တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူလူထု၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်သည်များကို  အစိုးရ၊  ပြည်သူ တို့နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည်။


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး နိုင်ငံ့တာဝန်ကို  ဒုတိယငါးနှစ်သက်တမ်းအုပ်ချုပ်ခဲ့သည်။ ငါးနှစ်တာကာလအတွင်း အုပ်ချုပ်ရေး၊ လူမှုရေး၊  စီးပွားရေးကဏ္ဍပေါင်းစုံတို့တွင် အားနည်းချက်များဖြစ်ပေါ် ခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်က တိုင်းပြည်အကျိုးကို  ရှေးရှု၍ ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုထောက်ပြခဲ့ သော်လည်း   စစ်ဘက်၊    အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သည်။ တစ်နိုင်ငံလုံးအရေးဖြစ်သည့် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကာလတွင်လည်း တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မာန်မာန၊ အာဃာတဖြင့် သီးခြား ရပ်တည်ခဲ့သည် ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်အကျိုးစီးပွား၊ တိုင်းပြည်၏အနေအထားအရ အစိုးရ၊   ပြည်သူလူထုအားလုံးနှင့်အတူ  လက်တွဲ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာ တွေ့ရှိခဲ့ပြီး  မည်သို့မျှဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသဖြင့် မလွှဲမရှောင်သာဘဲ နိုင်ငံ့တာဝန်ယူခဲ့ရသည်။  နိုင်ငံတော်ကို   ၂၀၀၈ ခုနှစ်    အခြေခံဥပဒေနှင့်အညီ လေးစားလိုက်နာဆောင်ရွက်လျက်ရှိသည်။  အခြေခံဥပဒေတွင်  လိုအပ်ချက်၊ အားနည်းချက်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း တိုင်းပြည်နှင့်လူမျိုးကို အကာ အကွယ်ပေးထားသည့် ကောင်းမွန်သည့်အချက်များ များစွာပါရှိသည်။ လက်ရှိတွင် နိုင်ငံတော်ကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက် လျက်ရှိသည်။ အမျိုးသားရေးလုပ်ငန်းစဉ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးလုပ်ငန်းစဉ်တွင် စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်လျက်ရှိသည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံ၏သမိုင်းကြောင်းနောက်ခံ အခြေခံအကြောင်းတရားများ အရ ဖြစ်တည်နေသော တပ်မတော်သည် တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားကိုရှေးရှု ၍ အားလုံးနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသဖြင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်    မကြာမီပေါ်ထွန်းလာမည်ဟု    ယုံကြည်ပါ ကြောင်း။          ။