ပျူခေတ်ရွှေစေတီတော်နှင့် ဆက်စပ်ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်


 

နေပြည်တော် အောက်တိုဘာ ၁၆


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်း ကျေးရွာနေ ဦးမျိုးဝင်း၊ ဦးမြင့်မောင်၊ ဦးအောင်မြင့်၊ ဦးဇော်နှင့် ဦးကြက်တော တို့သည် ယာမြေရှင်းလင်းရာမှ တွေ့ရှိ ရသည့် ရွှေဖြင့်ပြုလုပ်ထားသည့် ခေါင်းလောင်းပုံစေတီ အစိတ်အပိုင်း တစ်ခုနှင့် ထီးတော်တစ်ခု၊ ငွေဖြင့် ပြုလုပ်ထားသည့် စေတီတော်ပစ္စယာ တစ်ခု၊ စေတီတော်အောက်ခံပြား တစ်ခု၊ ငွေနန်းကြိုးအပိုင်းအစ သုံးခု၊ ငွေပြားအပိုင်းအစနှစ်ခုတို့ကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေး ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကမ္ဘာ့အမွေအနှစ် မြို့ဟောင်းရှိ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဟန်လင်းဌာနစု အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ယခုကဲ့သို့ ပျူခေတ် ရွှေစေတီငယ်နှင့် ဆက်စပ်ရှေးဟောင်း ဝတ္ထုပစ္စည်းများကို တာဝန်သိစွာဖြင့် လာရောက် အပ်နှံခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ပြည်သူ လူထု၏ပူးပေါင်းပါဝင်မှုသည် အရေး ကြီးပါကြောင်း၊ ယခု လဆန်းပိုင်း ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ခုံကြီးကျေးရွာအုပ်စု ပါဟဲ(မြောက်)ရွာနေ ဦးဘိုမြင့် အပါအဝင် ခြောက်ဦးတို့က မိမိတို့ ကျေးရွာအနောက်ဘက်ရှိ ကျေးရွာ ချင်းဆက်လမ်းခင်းရန် စက်ယန္တရား ဖြင့် တူးဖော်ထားသော မြေစာပုံ အတွင်းမှ ကြေးခေတ်၊ သံခေတ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ဖြစ်သည့် သံလှံသွား၊ သံလက်နက်၊ သံပုဆိန် သွား၊ ကျောက်ပုတီးစေ့၊ သံတူးရွင်း၊ သံဓားနှင့် ကြေးပုဆိန်သွားများ စုစု ပေါင်း ပစ္စည်း ၂၅ မျိုးကို လာရောက် အပ်နှံခဲ့သဖြင့် ဆုကြေးငွေကျပ် ၉၉၇၄၇၉ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က ဆုကြေးငွေကျပ် ၁၁၉၀၂၉၇ဝ ကို ပျူခေတ်ရွှေစေတီငယ်နှင့် ဆက်စပ် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိ အပ်နှံသူငါးဦးနှင့် ယာခင်းပိုင်ရှင် တို့အား ပေးအပ်ချီးမြှင့်ရာ ဆုကြေး ငွေရရှိသူများကိုယ်စား ရပ်မိရပ်ဖ ဦးခင်သောင်းက ဆုကြေးငွေချီးမြှင့် ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်း များကို စက်တင်ဘာ ၂၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ အပ်နှံခဲ့ရာ ဝန်ကြီးချုပ်ကကြိုတင်ချီးမြှင့်ငွေကျပ် ၂၆ သိန်း ပေးအပ်ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပို့ခဲ့ရာ မူလရွှေထည် နှင့်ငွေထည်တန်ဖိုးအပြင် ခေတ်ကာလ တန်ဖိုးနှင့် လက်ရာတန်ဖိုးများ ထပ်ဆောင်း၍ ဆုကြေးငွေကျပ် ၁၁၉၀၂၉၇ဝ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုက်တန် စွာ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် နိုင်ငံအနှံ့အပြားရှိ ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကာကွယ်စုဆောင်းထိန်းသိမ်းလျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုမှာ အရေးကြီးဆုံးကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထို့အပြင် ယခု တွေ့ရှိမှုသည် ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းတွင် ပထမဆုံး ပျူခေတ်စေတီငယ် တွေ့ရှိခြင်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော တွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်