ပုသိမ်မြို့ ရေပေးရေးစီမံကိန်းမှ နိုဝင်ဘာလကုန်တွင် ရေစတင်ပေးဝေမည်

 

ပုသိမ်  နိုဝင်ဘာ  ၅


ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် ၁၅ ခု၌ ၂၀၂၃ ခုနှစ်တွင် တိုးတက်လာမည့် လူဦးရေ ၁၇၆၁၄၅ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ပုသိမ်မြို့ ရေပေးရေးစီမံကိန်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် ရေများ စတင်ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

 


စီမံကိန်းအကောင်အထည်ဖော်ခြင်း


အဆိုပါစီမံကိန်း     အကောင်အထည်ဖော်ရာ တွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က Focal Department အဖြစ် ဆောင်ရွက်ပြီး ပုသိမ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က  ကန်ထရိုက်တာ ကုမ္ပဏီကို    အနီးကပ်ကြီးကြပ်၍   ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ 

 


စီမံကိန်းလုပ်ငန်းကို ဂျပန်နိုင်ငံ နှစ်ရှည်ချေးငွေ (JICA ODA  Loan) ဖြင့် ဆောင်ရွက်ခဲ့ပြီး အသေးစိတ် စီမံကိန်း Design ရေးဆွဲခြင်းလုပ်ငန်းကို Singa System Co.,Ltd က တာဝန်ယူကာ တည်ဆောက်ရေး နှင့်    ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို  Lot(1) နှင့် Lot(2) ခွဲ၍ တင်ဒါခေါ်ယူပြီး တင်ဒါအောင် ကုမ္ပဏီဖြစ်သော Authentic Co.,Ltdနှင့် ၂၀၁၉ ခုနှစ် မေ ၂၃ ရက်က  စာချုပ်ချုပ်ဆိုခဲ့သည်။  စီမံကိန်း အတွက် လျာထားကုန်ကျငွေကျပ် ၁၉ ဒသမ ၉၈ ဘီလီယံဖြစ်ပြီး စီမံကိန်းကာလမှာ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ ဖြစ်သည်။ စီမံကိန်းကို ၂၀၁၉ ခုနှစ် မေ ၂၃ ရက်က    စတင်ဆောင်ရွက်ခဲ့ပြီး    ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်အထိ လုပ်ငန်း ပြီးစီးမှုမှာ တည်ဆောက်ရေး လုပ်ငန်း Lot(1)တွင်   ၉၉ ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်ပြီး ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းများမှာ  ၉၈  ရာခိုင်နှုန်း  ပြီးစီးပြီ ဖြစ်သည်။ 

 


ဤလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်တွင် စတင် လျာထားခဲ့ပြီး  ၂၀၁၅   ခုနှစ်အတွင်း   JICA မှ တာဝန်ရှိသူများ အကြိမ်ကြိမ်လာရောက်ပြီး မြေပြင် ကွင်းဆင်းလေ့လာခြင်း၊ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် များ၌ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ အား တစ်ရပ်ကွက်လျှင်  ပြည်သူ ငါးဦးစီဖြင့် ပုသိမ် ဟိုတယ်တွင် တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း၊ စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာများဖြင့် ကွင်းဆင်း တိုင်းတာတွက်ချက်ခြင်း၊ JICA Expert Team က ကွင်းဆင်းတွက်ချက်ခြင်းများ    ဆောင်ရွက်ပြီး လုပ်ငန်းများစတင်ခဲ့ရာ ယခုအခါ အကောင်အထည် ပေါ်လာခဲ့ပြီဖြစ်သည်။

 


ရေပေးဝေမှုစနစ်

ပြည်သူလူထုသို့ ရေပေးဝေသည့်စနစ်မှာ ပုသိမ် မြို့ မရမ်းချောင်းအရပ်ရှိ Water Treatment Plant တွင် ရေယူအဆောက်အအုံဖြင့် ငဝန်မြစ်ရေကိုရယူပြီး အောက်ဆီဂျင်ဓာတ်ပြုစနစ်၊ အနည်စုဖွဲ့ ဖယ်ရှားခြင်း စနစ်၊ အနည်ထိုင်စနစ်၊ အမြန်သဲရေစစ်စနစ်တို့ဖြင့် ရေကြည်ရေသန့်ရရှိရန်စစ်ယူပြီး ကလိုရင်းဆေးခတ် ကာ သန့်စင်စေပြီး  ရေဂါလန်   သုံးသိန်းဆံ့  ရေ သိုလှောင်ကန် နှစ်ကန်၌ ထားရှိသိုလှောင်စေ၍ ရေပို့ ပိုက်လိုင်းကြီးဖြင့် ငါးမိုင်ခန့်ကွာဝေးသော ပုသိမ်မြို့ မြန်မာ့မီးရထားဘူတာဝင်းအတွင်းရှိ ရေဂါလန် ၁၄ သိန်းဆံ့ ရေစုကန် (Reservoir) သို့ ပို့လွှတ်ကာ ထိုမှတစ်ဆင့် လျှပ်စစ်ပန့်မော်တာများဖြင့် တိုက်ရိုက် တွန်းပို့စနစ်ကို အသုံးပြု၍ ရေဖြန့်ပိုက်လိုင်းအရှည် ပေ ၇၆၈၀၀၀ ကို ဖြတ်သန်းပြီး ရပ်ကွက်နေပြည်သူ များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

 


ရေမီတာ တပ်ဆင်ပေးမှုနှင့် ရေဖိုး


မီတာအိမ်ပါ ရေမီတာ ၂၅၁၉၄ လုံးကို ရပ်ကွက် နေအိမ်များက လျှောက်ထားရာတွင် ကုန်ကျစရိတ် ငွေကြေးပေးစရာမလိုဘဲ အိမ်ခြံဝင်းအတွင်း ၁၀ ပေ အရောက်   စီမံကိန်းလုပ်သားများက   လိုက်လံ တပ်ဆင်ပေးလျက်ရှိပြီး ရေသုံးစွဲမှုအပေါ် မူတည်၍ သာ ရေမီတာ တစ်ယူနစ်လျှင် ငွေကျပ် ၆၀၀  နှုန်းဖြင့် ရေဖိုးရေခအဖြစ်   ကောက်ခံသွားမည်ဖြစ်သည်။ ရေမီတာတစ်ယူနစ်လျှင်  ရေဂါလန်   ၂၂၀   ပါရှိပြီး အိမ်တွင်းရှိ  ရေဘားကို    ဖွင့်သည်နှင့်တစ်ပြိုင်နက် နေ့စဉ်  သန့်ရှင်းသောသောက်သုံးရေကို  ဈေးနှုန်း ချိုသာစွာဖြင့် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

 
၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်တွင် ပုသိမ်မြို့ရှိ ရပ်ကွက် ၁၅ ခုအနက် ရပ်ကွက်  ကိုးခုနေ  လူဦးရေ ၁၂၅၉၇၀ တို့အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လက်ခံသည့် ရေအရည်အသွေးဖြင့် အိမ်အရောက် သန့်ရှင်းသောသောက်သုံးရေ    ဖြန့်ဝေပေးနိုင်မည် ဖြစ်ရာ  ပုသိမ်မြို့တစ်မြို့လုံး၏  ၇၀  ရာခိုင်နှုန်းကို လွှမ်းခြုံ၍ ရေကောင်းရေသန့်များ ပေးဝေနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

 


ကိုတွတ်(ပြန်/ဆက်)
ဓာတ်ပုံ - စည်ပင်