ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာခြင်း

 

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများ သည် မိမိတို့ထုတ်ဝေသည့်  စာအုပ်စာစောင်  ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ၊မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများ စာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

 


သို့ဖြစ်၍ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(က)ပါ ပြဋ္ဌာန်းချက်များအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၆ အုပ် သို့မဟုတ် ၆ စောင်ကို ဖြန့်ချိသည့်နေ့ရက်မှစ၍ ၇ ရက်အတွင်း ပုံနှိပ်သူထံပေးအပ်ပြီး ပုံနှိပ်သူသည် ၁၄ ရက်အတွင်း ပုံစံ ၁၁ ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ မပျက်မကွက် ပေးအပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန