
နေပြည်တော် ဇန်နဝါရီ ၈
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရွှေစည်းခုံဘုရား ကြီးရှိ ချူအင်လိုင်းနားနေဆောင် အဆင့်မြှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ချူအင်လိုင်း တန်ဆောင်း၌ကျင်းပရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ညောင်ဦးမြို့နယ် ရွှေစည်းခုံဘုရားရှိ ချူအင်လိုင်း တန်ဆောင်းသည် ၁၉၆၁ ခုနှစ်က တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း ရွှေစည်းခုံဘုရားသို့ လာရောက်ဖူးမြော်သည့် ဘုရားဖူး ပြည်သူများ နားနေအပန်းဖြေနိုင်ရန် ချူအင် လိုင်းတန်ဆောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ် သည်။ ယခုဆိုလျှင် (၆၁) နှစ် ပြည့်ပြီဖြစ်ပြီး ချူအင် လိုင်း တန်ဆောင်းသည် တရုတ်- မြန်မာ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးအစဉ်အလာကောင်း၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။ တရုတ်လူမျိုးများသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက် လည်ပတ်ခြင်း နှစ်ပတ်လည်အခမ်းအနားများကို ချူအင်လိုင်း တန်ဆောင်း၌ပင် ကျင်းပလေ့ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အဖွဲ့ သည် သဗ္ဗညုဘုရား၌ ကျင်းပသည့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့က အမှာစကား ပြောကြားသည်။
၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် ၃၈၉ ဆူ ထိခိုက်မှုရှိခဲ့ပြီး အဆိုပါ ပျက်စီးမှုများတွင် သဗ္ဗညုဘုရားလည်း တစ်ဆူ အပါအဝင်ဖြစ်သည်။ သဗ္ဗညုဘုရားအား ထိန်းသိမ်းပြုပြင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ပညာရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ကြောင့် ထိခိုက်မှုနှင့် ပတ်သက်၍လေ့လာခြင်း၊ 3D Scan ဖတ်ခြင်း၊ ဘုရားနှင့် အနီးဝန်းကျင်တွင် ကွင်းဆင်းလေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆောက်အအုံနှင့် နံရံပန်းချီ ပြုပြင်ထိန်းသိမ်းနိုင်ရေး အတွက် လေ့လာခြင်းများ၊ တတိယလိုဏ်ပတ်လမ်း နှင့် စတုတ္ထလိုဏ်ပတ်လမ်းများရှိ ပေါင်းမိုးများတွင် ဖြစ်ပေါ်နေသည့် အက်ကွဲကြောင်းများကြောင့် ပေါင်းမိုးများ ကြံ့ခိုင်စေရန် ငြမ်းများ ထောက်ခံထား ခြင်း၊ မိုးရေစိမ့်မှုမရှိအောင် ရေပိတ်လွှာ လောင်းခြင်း၊ ကွမ်းတောင်နှင့် စတုတ္ထပစ္စယာများ ကြံ့ခိုင်စေရန် သံခါးပတ်ပတ်၍ ထိန်းသိမ်းခြင်းများကို ကြိုတင် ဆောင်ရွက်ခဲ့ပြီး ပုဂံဌာနခွဲမှ စောင့်ကြည့်စစ်ဆေးခြင်း (Monitoring) ဆောင်ရွက်လျက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိန်းသိမ်းရေး ပညာရှင်များ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အတွေ့အကြုံရှိသော ဝန်ထမ်းများ ပူးပေါင်းပြီး သဗ္ဗညုဘုရားကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို စနစ်တကျဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်