
နေပြည်တော် ဒီဇင်ဘာ ၂၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ ကုသရေး)၊ ဒေါက်တာထွန်းမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ နှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ နောက်ထပ် လှိုင်းအတွက် ကြိုတင်ပြင်ဆင်ရာတွင် ယခင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ် စတင်ဝင်ရောက်သည့်အချိန်တွင် ရောဂါပြန့်ပွားမှုမြန်ဆန်ခဲ့သော်လည်း ပြင်းထန်မှု သိပ်မရှိခဲ့ကြောင်း၊ သို့ရာတွင် ကူးစက်မှုမြန်ဆန်ပြီး လူအများစုတွင် ရောဂါလက္ခဏာများ စတင်ပြသပြီး နောက် ရောဂါပြင်းထန်မှုမှာလည်း မြင့်တက်လာခဲ့ ကြောင်း၊ ထို့အပြင် သက်ကြီးမိဘ၊ ဘိုးဘွားများ၊ ရောဂါအခံရှိသူများတွင် ရောဂါပြင်းထန်လာခဲ့ပြီး သေဆုံးမှုများကိုလည်း ဝမ်းနည်းစဖွယ်ကြုံတွေ့ခဲ့ရကြောင်း၊ ယခုအချိန်အထိ နိုင်ငံတကာအတွေ့အကြုံ နှင့် အချက်အလက်များမှတစ်ဆင့် ရရှိသောအချက် အလက်၊ ကိန်းဂဏန်းများအရ အိုမီခရွန်မျိုးစိတ်သည် ရောဂါပြန့်ပွားမှုမြန်သော်လည်း ရောဂါပြင်းထန်မှုမရှိ ကြောင်း၊ အောက်ဆီဂျင်လိုအပ်မှုလည်း နည်းသည် ဟု သိရှိရပါကြောင်း၊ အဓိကအားဖြင့် တတိယလှိုင်း တွင် ကြုံတွေ့ခဲ့ရသည့် လူနာများ ဆေးရုံတက်ရောက် ကုသရေးဆိုင်ရာ သတင်းအချက်အလက်ပေးမှု အားနည်းချက်ရှိခြင်း၊ လူနာများညွှန်းပို့ရန် ခက်ခဲ ခြင်း၊ အောက်ဆီဂျင်လိုအပ်သလောက်မရရှိခြင်း၊ ဆေးများသိုလှောင်၍ ဈေးတင်ရောင်းချမှုများရှိခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု လိုအပ်သလောက်မရရှိခြင်းတို့ကို ကြုံတွေ့ခဲ့ရသဖြင့် အဆိုပါအချက်များကို အလေးထားကြိုတင်ပြင်ဆင် ထားရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ဆောင်ရွက်လျက် ရှိသည့် Quarantine Procedure များကို စည်းကမ်း ချက်များ တိကျစွာလိုက်နာစေရန် ဆွေးနွေးသည်။
ယင်းနောက် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ဆရာဝန်၊ ဆရာမများ လုပ်ငန်းခွင်တွင် တာဝန် ထမ်းဆောင်နိုင်မှုအခြေအနေ၊ ဆေးရုံများရှိ ဆေးကုသဆောင်များ ဖွင့်လှစ်နိုင်မှုအခြေအနေ၊ Oxygen Plant၊ Liquid Oxygen၊ Oxygen Cylinder များရရှိ၊ သုံးစွဲနိုင်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းအတွက် ICU/HDU/ Isolation Ward များ ကြိုတင်ပြင်ဆင်ထားနိုင်မှု အခြေအနေ၊ COVID နှင့် Non-COVID လူနာများအား လက်ရှိကုသ ပေးနိုင်မှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များကို ပြန်လည်ဆွေးနွေးပြီး ဖြည့်ဆည်းပေးရမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါသောအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်း၌ ပုဂ္ဂလိကဆေးရုံများ၊ ဓာတ်ခွဲခန်းများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Vaccine Management Information System ၌ စနစ်တကျ စာရင်းသွင်း ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများနှင့် ဓာတ်ခွဲ ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာ၌ ပြည်သူလူထုအနေဖြင့် ကုန်ကျစရိတ် များပြားနေသည့်အတွက်ကြောင့် သင့်လျော်သည့် ဈေးနှုန်းများဖြင့်လည်း ဆောင်ရွက်ပေးစေလို ကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းလိုင်စင် များ အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးရာ တွင်လည်း တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အမှာစကားပြောကြားပြီး တက်ရောက် လာကြသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့ရသည့် အခက် အခဲများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပြင်ဆင်မှုများ အကြောင်း ညှိနှိုင်းဆွေးနွေးကြကာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က လိုအပ်သော လမ်းညွှန်မှုများ၊ ပေါင်းစပ်ပေးမှုများ ပြုလုပ်ခဲ့သည်။
သတင်းစဉ်