
နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးမြို့ လွှတ်တော်ရုံး ဟောင်း အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ၆ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ များ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ ပါတီဝင် အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ အပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင် ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော် အကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင် ရွက်ရန် မှာကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှာကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ တစ်ဝန်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင် အင်အားအနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့် နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက် ကို ဖွင့်လှစ်ရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလ အတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ် နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်ရှိမည်မဟုတ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးပါတီများထူထောင်မှုကို စနစ်တကျ ဖြစ်စေရန် ကော်မရှင်မှ စိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့် သူများဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ အမှတ်စဉ် (၅) ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒ ရှင်စာရင်းများ မှန်မှန်ကန်ကန် ဖြစ်စေရေး၊ မဲမသမာ မှုများ မဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင် များ၏ နည်းပညာနှင့်ကျွမ်းကျင်မှု အကူအညီ ရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့်အိုင်တီ နည်းပညာများ အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏အကူအညီဖြင့် တီထွင် ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှ ဝန်ထမ်း များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေး နိုင်ရန် ဆောင်ရွက်နေမှုများကို ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်ကျော်က မန္တလေးတိုင်းဒေသကြီး အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြထားသည့် နိုင်ငံရေးပါတီ ၆ ပါတီ၏ ပါတီဝင်အင်အားစာရင်းများ အား ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေမှုအခြေအနေ များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ က ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေး အတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီ ဥက္ကဋ္ဌ များက အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန် စေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများအားတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အရာရှိ များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရက်တစ်အင်အားစု လေဘာပါတီတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်