ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကျင်းပ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၇
 
 
ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဆွေးနွေးပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ပိုလန်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Marcin Przydacz တို့က ဦးဆောင်ကျင်းပကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ-ပိုလန် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့် ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာ လှည့် ခရီးသွားလာရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးချဲ့နိုင်မည့် နည်းလမ်းများ၊ နှစ်နိုင်ငံ အကြား သံတမန်နိုင်ငံကူး လက်မှတ် နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအကြား ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန်ပြုရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
ယင်းနောက် အမြဲတမ်း အတွင်းဝန်က နိုင်ငံတော်အစိုးရမှ ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှု တို့ကိုလည်း ရှင်းလင်းအသိပေးခဲ့ သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံ တကာ အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်‌ရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ အဆင့်မြင့်ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်နှင့် ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Marcin Przydacz တို့က လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါနားလည်မှု စာချွန်လွှာ အရ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ပညာရေးနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းစသည့် ကဏ္ဍရပ်များတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန များအကြား ဆွေးနွေးသွားမည် ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
 
 
သတင်းစဉ်