
မန္တလေး ဩဂုတ် ၁၅
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေး မြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး သုံးတိုက်သို့ ထာဝရ ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၅၀ စီ စိုက်ထူလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ အောင်မြေ သာစည် အလယ်ကျောင်းကြီး၌ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု တွဲဖက်ရွှေကျင်သာသနာ ပိုင် စည်ရှင်ဆရာတော် ဘဒ္ဒန္တအဂ္ဂ ဉာနာ ဘိဝံသ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူ၍ သာသနာရေးဆိုင်ရာ များ ပြန်လည်လျှောက်ထားကာ ဝါဆို သင်္ကန်းနှင့် ဆွမ်းပဒေသာပင် ငွေကျပ် သိန်း ၅၀ စိုက်ထူလှူဒါန်းပြီး အနု မောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် မဟာဓမ္မိကာရာမ ကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ မိတ္ထီလာ ကျောင်းဆရာတော် ဘဒ္ဒန္တသုဇနပီယ ထံမှ ဩဝါဒခံယူပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၅၀ စိုက်ထူလှူဒါန်းသည်။ ယင်းနောက် ချမ်းမြသာစည်မြို့နယ် ဓမ္မဓရဝါဆို ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလနှင့် ဓမ္မဓရ ဒေါက်တာ အရှင်ကုမာရ တို့ထံ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၅၀ စိုက်ထူလှူဒါန်းပြီး အနုမောဒနာတရား များ နာယူကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။
ထိုမှတစ်ဆင့် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြ သာစည်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ ဇီဝိတဒါန သံဃာ့ ဆေးရုံကြီးသို့ ရောက်ရှိပြီး ဇီဝိတဒါန သံဃာ့ဆေးရုံ စီမံခန့်ခွဲမှုဗဟိုကော်မတီ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြား ကာ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး အတွက် ဆွမ်းပဒေသာပင် ငွေကျပ် ၁၅ သိန်း လှူဒါန်းသည်။ ဆက်လက်၍ ဇီဝိတဒါနသံဃာ့ဆေးရုံ ကျောက်ကပ် ဌာနတွင် ဆေးကုသမှု ခံယူနေသော သံဃာတော်များအား လိုက်လံ ကြည်ညိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်