
“ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ် များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည် ပြပွဲ)ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။
ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ တို့က ဒေသထွက်စားသောက်ကုန် များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ် နှင့်ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီး သွားလုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင် သည်။
ကုန်စည်ပြပွဲသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ကြား ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး ခိုင်မာ အားကောင်းမှု နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသ တွင်းပြည်သူများ၏ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများကို ထင်ဟပ်လျက် ရှိသည့် အခမ်းအနားတစ်ခုလည်းဖြစ်ရာ တာဝန်ရှိသူများ၊ ပြခန်းပါဝင်ပြသသူများ ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရ ပါသည်။
ဒေါ်နော်မူတာကပေါ
(ညွှန်ကြားရေးမှူးချုပ်)
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန
ဒီနေ့ပြပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက် က မြန်မာကုန်သည်တွေနဲ့ တရုတ် ကုန်သည်တွေအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့၊ ကုန်သွယ်မှုလမ်းကြောင်း အသစ်တွေရှာဖွေပြီး အလားအလာရှိတဲ့ ကုန်စည်တွေ တိုးချဲ့ထုတ်လုပ်နိုင်ဖို့၊ ကုန်သည်လုပ်ငန်းရှင် အချင်းချင်း တွေ့ဆုံရင်းနှီးပြီး လုပ်ငန်းတွေ ဆောင် ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ပြခန်းတွေမှာ သစ်သီးဝလံ၊ ရေထွက်ပစ္စည်း၊ ပရိ ဘောဂ၊ စားသောက်ကုန်၊ လက်မှုပစ္စည်း၊ အထည်အလိပ် စသည်ဖြင့် အမျိုးအမည် အစုံ ပါဝင်ပါတယ်။ တရုတ်နိုင်ငံဘက် ကဆိုရင် ဆိုလာနဲ့ ပတ်သက်တဲ့ နည်း ပညာပစ္စည်းတွေ၊ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပါဝင်တယ်။ အခုလို ပြပွဲတွေကတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုကို မြှင့်တင်သွားနိုင်မယ့် အလားအလာကောင်းတွေ များစွာရှိပါ တယ်။ ပြပွဲကို လေးရက်တာ ကျင်းပမှာ ဖြစ်တဲ့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Mr. Zhou Yong Zhi (ညွှန်ကြားရေးမှူး-လင်ချန်းမြို့ စီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဌာန)
အရင်တုန်းက အခုလိုကုန်စည်ပြပွဲက နယ်စပ်မြို့တွေမှာ ကျင်းပတာဖြစ်ပါ တယ်။ ကုမ္ပဏီတွေသာမက အားလုံးက ဒီပြပွဲကို စောင့်မျှော်နေကြတာကြာပါပြီ။ တရုတ်နိုင်ငံဘက်ကလည်း ဒီကုန်စည် ပြပွဲကို အလေးအနက်ထားပါတယ်။ တရုတ်နိုင်ငံက လာရောက်ခင်းကျင်း ပြသတဲ့ ကုမ္ပဏီ ၈၀ ကျော်ရှိပါတယ်။ ယူနန်ပြည်နယ်သာမက ပြည်နယ် အများစုက ပါဝင်ပါတယ်။ ကုန်ပစ္စည်း အမျိုးအမည်အနေနဲ့ ၅၀၀ ကျော် ပါဝင် ပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးအစား စုံလင်လာပါတယ်။ မြန်မာနိုင်ငံဘက်က လည်း နေပြည်တော်မှာ ကုန်စည်ပြပွဲ ကို ကျင်းပပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာရောက်ပြသ ကြတာဖြစ်ပါတယ်။ ကုမ္ပဏီတွေ တော်တော်များများပါဝင်ပြီး ကုန်ပစ္စည်း အမျိုးအမည်လည်း များစွာပါဝင်ပါတယ်။
ဒီကုန်စည်ပြပွဲက နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့ ပေါင်းကူးတံတား သဖွယ်ဖြစ်ပါတယ်။ စီးပွားရေးတွေ လုပ်ဆောင်နိုင်အောင် Platform တည်ဆောက်ပေးခြင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ လုပ်ငန်းရှင်တွေအတွက် ဝန်ဆောင်မှု ထောက်ပံ့ခြင်းလည်း ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမယ့် ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီပြပွဲက နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ နယ်စပ်မြို့ တွေ ဖွံ့ဖြိုးတိုး တက်ရေးအတွက်ကိုလည်း အထောက်အကူပြုစေပါတယ်။ နယ်စပ် မြို့တွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာ နဲ့အမျှ ကုမ္ပဏီတွေကလည်း အကျိုး ရလဒ်ခံစားရလာမယ်။ ဒေသမှာရှိတဲ့ လူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးပေါ်လာပြီး စီးပွားရေးဖွံ့ဖြိုးလာမယ်။ ဒီကုန်စည်ပြပွဲ က နယ်စပ်မြို့မှာ ကျင်းပတာပဲဖြစ်ဖြစ်၊ နေပြည်တော်မှာ ကျင်းပတာပဲဖြစ်ဖြစ် ရည်ရွယ်ချက်က မပြောင်းပါဘူး။ နယ်စပ် ဒေသမှာရှိတဲ့ ကုမ္ပဏီတွေ၊ ပြည်သူတွေ စီးပွားရေးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒုတိယက အပြန်အလှန်ဖလှယ်ရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဖလှယ်ခြင်းက နှစ်နိုင်ငံ ပြည်သူအချင်းချင်း ယဉ်ကျေးမှု ဖလှယ်ခြင်းလည်း ပါဝင်တယ်။ ကုန် ပစ္စည်းတွေကို ကုန်သွယ်မှုလုပ်ခြင်း လည်း ဖြစ်ပါတယ်။ ဖလှယ်ခြင်းက ကုမ္ပဏီတွေအတွက်၊ လုပ်ငန်းရှင်တွေ အတွက်၊ ပြည်သူလူထုအတွက် အကျိုးရှိ အောင် ဖလှယ်ခြင်းဖြစ်ပါတယ်။ ဒီကုန်စည်ပြပွဲက တရုတ် - မြန်မာ နှစ်နိုင်ငံအတွက် လက်တွေ့ကျတဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်စေ နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးအောင်သိန်းနိုင် (ဒုတိယဥက္ကဋ္ဌ၊
ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များ
အသင်း)
ပြပွဲမှာ ကိုးကန့်ဒေသထွက် ထုတ်ကုန်တွေကို လာရောက်ပြသတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသက ထွက်တဲ့ လက်ဖက်၊ သစ်ကြားသီး၊ ကော်ဖီ စတဲ့ ထုတ်ကုန်တွေ ပါဝင်ပါတယ်။ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်တွေက ပြခန်း ၃၀ ခန့် ပြသကြပါတယ်။ ပြပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ ပြပွဲမတိုင် ခင်ကလည်း လင်ချန်းဒေသက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနက တာဝန်ရှိသူတွေ၊ ကုန်သည်တွေနဲ့ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ပါတယ်။ ဒီကုန်စည်ပြပွဲက လုပ်ငန်းရှင်တွေအတွက် အကျိုးကျေးဇူး များစွာရှိတဲ့အတွက် နှစ်စဉ် ကျင်းပ သင့်ပါတယ်။ ဒီပြပွဲကို လေးရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တဲ့အတွက် အားလုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
Mr.Frank Hu (လက်ဖက်လုပ်ငန်းရှင်)
ကျွန်တော်က လင်ချန်းဒေသကနေ လက်ဖက်ထွက်ကုန်တွေကို ဒီပြခန်းမှာ လာရောက်ပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုပြပွဲမှာ ရောင်းချရဖို့ထက် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ အချိတ်အဆက် အဓိကရချင်တာပါ။ တရုတ်နိုင်ငံမှာက လက်ဖက်ဈေးကွက်က ရှိပြီးသားပါ။ မြန်မာနိုင်ငံက လက်ဖက်ထွက်ကုန် ကုန်ကြမ်းတွေ အများကြီးရနိုင်တယ်။ ဒါကြောင့် မြန်မာလုပ်ငန်းရှင်တွေနဲ့ အချိတ်အဆက်ရချင်တဲ့အတွက် အဓိက လာရောက်ပြသခြင်း ဖြစ်ပါတယ်။ ဒီကုန်စည်ပြပွဲကနေ လုပ်ငန်းရှင်တွေ အတွက် အကျိုးကျေးဇူးတွေရရှိနိုင်မှာပါ။ နောင်လည်း ထပ်ပြီးကျင်းပဖို့မျှော်လင့်ပါတယ်။ ပြခန်းတွေ ဒီထက်ပိုပြီး နေရာ ကျယ်နိုင်ရင်တော့ ပိုပြီးအဆင်ပြေမယ် လို့ အကြံပြုလိုပါတယ်။
Mr. Chen Ming Chang ( Henan Feibo Vehicle Industry Co.,Ltd)
လျှပ်စစ် စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ EV ကား အသေးတွေကို လာရောက်ပြသတာဖြစ်ပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်းတွေ ကြီးမြင့်နေချိန် မှာ ဘက်ထရီကိုသုံးတော့ အားသွင်းရုံနဲ့ အဆင်ပြေတယ်။ ငွေကုန်ကြေးကျလည်း သက်သာပါတယ်။ အခုလက်ရှိ ပြသထား တဲ့ ပစ္စည်းတွေက မြန်မာနိုင်ငံမှာ သုံးစွဲမှု မတွင်ကျယ်သေးပါဘူး။ ပစ္စည်းတွေက အရည်အသွေးလည်း တကယ်ကောင်းပါ တယ်။ ပုံမှန်ဆိုရင် အဲကွန်းမပါဘူး၊ ကျွန်တော်တို့ ကုမ္ပဏီကထုတ်တဲ့ EV ကားအသေးတွေမှာ အဲကွန်းပါတယ်။ မောင်းနိုင်တဲ့ ကီလိုအကွာအဝေးလည်း များတယ်။ အခုသုံးထားတဲ့ ဘက်ထရီက လည်း စိတ်ချရတယ်။ အားသွင်းလည်း မြန်တယ်။ ရိုးရိုးအိမ်သုံးလျှပ်စစ်မီးနဲ့ အားသွင်းနိုင်တယ်။ ဈေးလည်းသက်သာ တယ်။ သုံးလည်း သုံးစေချင်လို့ လာရောက်ပြသတာ ဖြစ်ပါတယ်။ ကုန် စည်ပြပွဲတွေမှာ လာရောက်ပြသခြင်း အားဖြင့် လူသိများပြီး ရောင်းအားတွေ တက်လာမယ်လို့ မျှော်လင့်ပါတယ်။
ဦးဖြိုးသူ (မိုးသီရိအထည်ချုပ်နှင့်
ဖြန့်ချိရေးလုပ်ငန်း)
ကိုရီးယားဆွဲသား၊ ချီပွန်နဲ့ စပန့် အမျိုးသမီးဝတ် အဝတ်အထည်တွေကို လာရောက်ပြသတာဖြစ်ပါတယ်။ ပါဝင် ပြသဖြစ်တာက ပြပွဲအတွေ့အကြုံရဖို့၊ ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေကို လူသိများလာစေဖို့ ရည်ရွယ်ပါတယ်။ အချို့ပိတ်စတွေက ကိုရီးယား၊ တရုတ် နိုင်ငံတွေက သွင်းတာဖြစ်တဲ့အတွက် အချိတ်အဆက်ကောင်းတွေရဖို့ ရည်ရွယ် ပါတယ်။ အခုလက်ရှိမှာလည်း ချိတ်ဆက် ဆောင်ရွက်ဖို့ ရထားတာလည်း ရှိပါ တယ်။ ကျွန်တော်တို့လုပ်ငန်းက နေပြည် တော်မှာဖြစ်တဲ့အတွက် နေပြည်တော်မှာ နေထိုင်တဲ့ ဒေသခံတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာစေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ဒေါ်မြသဲဖြူ (မန်နေဂျင်းဒါရိုက်တာ၊
Golden Goat Myanmar Co.,Ltd)
ဒီကုန်စည်ပြပွဲကို အခုနှစ်မှ ပါဝင် ပြသတာ ဖြစ်ပါတယ်။ ပြသဖြစ်တဲ့ အတွက် အားသာချက်တွေ အများကြီး ရရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ပူးပေါင်း ကျင်းပတာဖြစ်တဲ့အတွက် တရုတ် လုပ်ငန်းရှင်တွေနဲ့ အချိတ်အဆက်တွေ ရပါတယ်။ အခု ကုန်စည်ပြပွဲမှာ တရုတ် ဘက်က မန်ကျည်းဖျော်ရည်ထုတ်လုပ် သူက ကျွန်မတို့ ထုတ်ကုန်တွေကို လာပြီး လေ့လာတယ်။ သူတို့ထုတ်ကုန်တွေကို လည်း မြည်းစမ်းခိုင်းတယ်။ ကျွန်မတို့ မန်ကျည်း ဖျော်ရည်ကိုလည်း သူတို့ မြည်းစမ်းတယ်၊ လေ့လာတယ်။ ပြီးတော့ ကျွန်မတို့နဲ့ အလုပ်တွဲလုပ်ဖို့ ကျွန်မတို့ စက်ရုံကို လာရောက်လေ့လာမယ်လို့ ပြောပါတယ်။ ကျွန်မတို့ရဲ့ စက်ရုံက ကျောက်ပန်းတောင်းမှာ ရှိပါတယ်။ ကျောက်ပန်းတောင်းက မန်ကျည်းသီး ပေါတယ်၊ ထန်းပင်ပေါတယ်။ ဒါကြောင့် မန်ကျည်းသီးနဲ့ထန်းလျက်ကို အခြေခံတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချပါ တယ်။ ထုတ်လုပ်တဲ့ပစ္စည်းတွေကို အစားအစာ ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျ ထုပ်ပိုးရောင်းချပါတယ်။ ကိုယ့်ဒေသက ထွက်ကုန်ကို စနစ်တကျ ဘေးကင်းကင်းနဲ့ ထုတ်လုပ်ရောင်းချတာ ကို တရုတ်လုပ်ငန်းရှင်တွေလည်း မြင်သွားတယ်။ ဒီပြပွဲက ကျွန်မတို့လို ပြည်တွင်း SME တွေအတွက် အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပြပွဲ တွေ ဆက်လက်ကျင်းပစေချင်ပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းမင်း
ဓာတ်ပုံ - ထိန်နန်နော်