ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်နစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသ  

 

နေပြည်တော်  စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့်  နစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ကျေးရွာအချို့ ရေနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့သည်။ အဆိုပါရေကြီးနစ်မြုပ်သည့် ကျေးရွာများတွင် ယခုအခါ ပြည်သူများ ပြန်လည်နေထိုင်လျက်ရှိသည့်အတွက်  ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ပေါစံခေါကျေးရွာနှင့် သနပ်ပင်ဆိပ် (အရှေ့) ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ရေတွင်း ရေကန်များအား ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)