ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အသုံးပြုရန် အထိမ်းအမှတ်တံဆိပ် (Logo) ရေးဆွဲပြိုင်ပွဲ ကျင်းပမည်

နေပြည်တော်   ဇွန်   ၆
၂၀၂၄ ခုနှစ်  ဒီဇင်ဘာလအတွင်း  ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပမည့် ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ်တံဆိပ်(Logo) ပြိုင်ပွဲကို ဇွန်  ၁၃ ရက်မှ  ဇူလိုင် ၁၂ ရက်အတွင်း ကျင်းပမည်ဖြစ်သည်။
အထိမ်းအမှတ်တံဆိပ်(Logo)တွင် ပါဝင်ရမည့်အချက်များအနေ ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပမည်ဆိုသည့် အဓိပ္ပာယ်၊ ကျင်းပသည့် အကြိမ်အရေအတွက်နှင့် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ကိုယ်စားပြုသော အဓိပ္ပာယ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အထိမ်းအမှတ် ပြာ၊ ဝါ၊ နက်၊ စိမ်း၊ နီ အရောင်ပါကွင်း(၅)ကွင်း၊ အားကစားသမားအချင်းချင်း၊ဝန်ကြီး ဌာနများနှင့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား  ချစ်ကြည်ရင်းနှီး မှု  သဘောဆောင်သည့်  ရေးဆွဲချက်၊ မိမိနိုင်ငံရှိ ထင်ရှားသော အထိမ်း အမှတ်အဆောက်အဦများကို   ဖော်ညွှန်းသည့်   အဓိပ္ပာယ်ပါသော   ရေးဆွဲချက်၊   မိမိရေးဆွဲယှဉ်ပြိုင်သည့်   ပန်းချီ သို့မဟုတ် Graphic Design တွင်  ရေးဆွဲထားသော   အကြောင်းအရာ နှင့် အသုံးပြုထားသော အရောင်တို့၏   အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်များ  ပါရှိရမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲသို့ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ 
ယခင်က  ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်တွင် အသုံး ပြုခဲ့သည့် (Logo)အစား ယခုပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရသည့် (Logo)ကို ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အသုံးပြုသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင်  ရွေးချယ်ခြင်းခံရပါက  ဆုကြေးငွေအဖြစ် ငွေကျပ် ၂၅ သိန်းကို ချီးမြှင့်ပေးသွားမည်ဖြစ်ကာ ရွေးချယ်ခြင်းခံရသူကို  နေ့စဉ် ထုတ်သတင်းစာများတွင်  ကြော်ငြာ၍  ဆုချီးမြှင့်ပွဲကျင်းပပေးသွားမည် ဖြစ်ပြီး  ရွေးချယ်ခံရသော(Logo)ကို  အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန၏ မူပိုင်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                                                                   သတင်းစဉ်