
ခန့်ဇော်(ကျေးလက်)
ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု ဓာတ်အားလိုင်းပြင်ပစနစ် ဖွံ့ဖြိုးရေးအတွက် မူဝါဒရေးရာ ဆွေးနွေးခြင်းအစီအစဉ်တွင် ပြန်ပြည့်မြဲစွမ်းအင်မူဝါဒ (Renewable Energy Policy)နှင့် ပတ်သက်၍ ဆွေးနွေးကြည့်သည့်အခါ “မူဝါဒတွေ၊ ဥပဒေတွေက ရေးတော့ ရေးဆွဲနေတယ်။ ဒါပေမယ့် မူကြမ်းအဆင့်မှာတင် ရပ်… ရပ်သွားပြီး တရားဝင်ထုတ်ပြန် ချပြတာတွေမရှိတော့ ကျွန်တော်တို့အတွက်က ဘာအကျိုးသက်ရောက်မှုမှ မရှိသလို ဖြစ်နေတယ်”ဟု စွမ်းအင်ဖွံ့ဖြိုးရေးဆောင်ရွက်သူ လုပ်ငန်းရှင်(Developer)တစ်ဦးက ဆိုသည်။ မှန်သည်။ စွမ်းအင်မူဝါဒ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဥပဒေစသည်... စသည်တို့မှာ ယနေ့အချိန်အထိ မူကြမ်း အဆင့်တွင်သာ ရှိနေသည်။
မြန်မာနိုင်ငံ၏စွမ်းအင်မူဝါဒ(မူကြမ်း)များ
အကြောင်း တစေ့တစောင်း
၂၀၁၄ ခုနှစ် ဝန်းကျင်တွင် စွမ်းအင်မူဝါဒ (မူကြမ်း) စတင်ရေးဆွဲခဲ့ကြောင်းတွေ့ရပြီး အဓိက အားဖြင့် မူဝါဒ(၉)ချက်ထားရှိသည်ကို တွေ့ရသည်-
၁။ မြန်မာနိုင်ငံတွင် လက်တွေ့အသုံးပြုရန် အလားအလာကောင်းသော စွမ်းအင်သယံ ဇာတ အရင်းအမြစ်များကို သဘာဝပတ်ဝန်း ကျင်နှင့် လူမှုပတ်ဝန်းကျင်သက်ရောက်မှု အနည်းဆုံးဖြင့် သိပ္ပံနည်းကျ လက်တွေ့ ရှာဖွေဖော်ထုတ်အသုံးပြုရန်နှင့် စနစ်တကျ လေ့လာသိရှိသော ခိုင်မာသည့်အချက် အလက်များကို အခြေခံပြီး တိုင်းပြည်၏ ရေတို၊ ရေရှည် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်စီမံချက် ချမှတ် ဆောင်ရွက်ရန်၊
၂။ မြန်မာနိုင်ငံတွင် လက်ရှိဖွဲ့စည်းဆောင်ရွက် လျက်ရှိကြသည့် နိုင်ငံပိုင်စွမ်းအင်လုပ်ငန်း အဖွဲ့အစည်းများကို နိုင်ငံတော်၏ စီးပွား ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ သုံးသပ်ပြီး ပုဂ္ဂလိကကဏ္ဍ၏ ပါဝင် ဆောင်ရွက်လာနိုင်မှု စွမ်းရည်မြှင့်တင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ (100% FDI၊ Joint FDI၊ International IPP၊ Local IPP/SPP/VSPP) မှ အဓိက ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ချမှတ်ဆောင်ရွက်ရန်၊
၃။ စွမ်းအင်ကဏ္ဍအသီးသီး၏ ပြည်တွင်း လိုအပ်ချက်နှင့် ထုတ်လုပ်ဖြည့်ဆည်းနိုင်မှု ပမာဏအမှန် ကိန်းဂဏန်းရရှိရေး ဆောင်ရွက်ရန်၊
၄။ ရှာဖွေတွေ့ရှိသည့် စွမ်းအင်သယံဇာတများ ကို ထွက်ရှိရာဒေသအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး အချိုးကျရရှိသုံးစွဲမှု ဖြစ်စေရေး ဆောင်ရွက်ရန်၊
၅။ မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Energy Development)အတွက် ပြန်ပြည့်မြဲ စွမ်းအင်များဖြစ်သော လေ၊ နေ၊ ရေအား၊ ဘူမိအပူစွမ်းအင်နှင့် ဇီဝစွမ်းအင်စသည့် Renewable Energy အမျိုးအစားများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊
၆။ စွမ်းအင်အသုံးပြုမှု စွမ်းရည်တိုးမြှင့်လာ စေရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန်၊
၇။ စွမ်းအင်ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်ဆောင်ရွက်နိုင်ရန် အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ဒီဇိုင်း၊ ထုတ်လုပ်ရေးနှင့် အတတ်ပညာဖြန့်ဖြူးရေး လုပ်ငန်းများ (Research, Development, Design & Dissemination) တည်ထောင် ဆောင်ရွက်ရန်၊
၈။ စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်ရန်၊
၉။ စွမ်းအင်ဈေးနှုန်းများ သတ်မှတ်ရာတွင် စွမ်းအင်ထုတ်လုပ်သူနှင့် စွမ်းအင်သုံးစွဲသူ နှစ်ဦးနှစ်ဖက်စလုံးအတွက် စီးပွားရေး အာမခံချက်ရှိသည့်မူဝါဒများ ချမှတ်ရန်၊
တစ်ခါ ၂၀၁၈ ခုနှစ်ဝန်းကျင်တွင်မူ ထိုမူဝါဒ (မူကြမ်း)ကိုပင် ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ပြန် သည်။ သည်တစ်ကြိမ်တွင်မူ အဓိကအနေဖြင့် မူဝါဒပိုင်း၌ ၁၃ ချက်အထိ တိုးချဲ့ခဲ့ပြီး လျှပ်စစ်စွမ်း အင်ပိုင်းကို ပို၍ဦးစားပေးလာသည်ကို တွေ့ရသည်။
နိုင်ငံတကာလျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ မူဝါဒ တွေကို လေ့လာပြီး ဓာတ်အားနှုန်းထားများ သတ်မှတ်ရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များချမှတ်ရန်စသည်တို့ ပါဝင်လာ သည်ကိုတွေ့ရသည်။ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍအနေ ဖြင့်မူ ထူးထူးခြားခြား ပြောင်းလဲပြင်ဆင်ထားခြင်း မရှိလှပေ။ အထူးသဖြင့် စွမ်းအင်မူဝါဒပိုင်းတွင် ဓာတ်အားလိုင်းပြင်ပစနစ်(Off-Grid) နှင့် စပ်လျဉ်း သည့် မူဝါဒတစ်စုံတစ်ရာ ထည့်သွင်းဖော်ပြထား သည်ကို မတွေ့ရပေ။
လေ့လာမှုများအရ မူဝါဒတစ်ခုရေးဆွဲရာတွင် အချက်အလက် အထောက်အထားများအပေါ် အခြေခံခြင်း၊ လက်တွေ့အကောင်အထည်ဖော် နိုင်ခြေရှိမှုအပေါ်အခြေခံခြင်းနှင့် ထိရောက်နိုင်ခြေ ရှိမှုအပေါ်အခြေခံခြင်းစသည့် အခြေခံမူ (၃)ရပ် အပေါ် အဓိကထား စဉ်းစားရသည်ဟု သိမှတ်ခဲ့ရ ဖူးသည်။
သို့ဆိုလျှင် စွမ်းအင်မူဝါဒရေးဆွဲရာတွင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်၍ ထည့်သွင်းရေးဆွဲသည့်အခါ မြေပြင်လက်တွေ့ အကောင်အထည်ဖော်နိုင်ခြေရှိမှုအပေါ် အခြေပြု စဉ်းစားရပေမည်။ လျှပ်စစ်ဓာတ်အားရရှိရေးဟု ဆိုရာတွင် နိုင်ငံ၏ ရေမြေအနေအထားအရ မဟာ ဓာတ်အားလိုင်း (On- Grid)အပေါ်ကိုချည်း အားပြု နေ၍မရ။ ဗဟိုချုပ်ကိုင်မှုစနစ် (Centralized System) ဖြင့် သွားချင်၍မရ။ မြစ်ခြားချောင်းခြား ကျွန်းရွာများအတွက်သော်လည်းကောင်း၊ ဝေးလံ ခေါင်ဖျားဒေသများအတွက် သော်လည်းကောင်း Off-Grid ခေါ် ဓာတ်အားလိုင်းပြင်ပစနစ်၊ တစ်နည်း ဆိုရသော် နယ်မြေဖြန့်ခွဲဓာတ်အားပေးစနစ် (Decentralized System)ကို တွန်းအားပေးသည့် မူဝါဒမျိုး ထည့်သွင်းစဉ်းစားရန် လိုပေသည်။ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ ဖြန့်ဖြူးပေးနိုင် ရေးအတွက် ဖော်ပြသည့်နေရာတွင် သုံးစွဲမည့် အရင်းအမြစ် သာမက ဆောင်ရွက်ရမည့်နည်းလမ်း ကိုပါ မူဝါဒအနေဖြင့် ထည့်သွင်းဖော်ပြသင့်ပေ သည်။
စွမ်းအင်မူဝါဒပိုင်းတွင် လျှပ်စစ်စွမ်းအင်ကဏ္ဍ အနေဖြင့် ဒေသတွင်းစွမ်းအင်ရင်းမြစ်များကို သုံးစွဲ၍ ဒေသအလိုက် သီးခြားဓာတ်အားပေးစနစ်/ Off-Grid စနစ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွား ရေးကို မူဝါဒတစ်ရပ်အနေဖြင့် ထည့်သွင်းရေးဆွဲသင့် ပြီး လျင်လျင်မြန်မြန်လည်း အတည်ပြုချမှတ်သင့် သည်။
ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာဥပဒေ (မူကြမ်း)ထွက်ရှိ လာသည့်အပေါ် လေ့လာမိသမျှ
မူဝါဒအပိုင်း၌ မူကြမ်းအဆင့်တွင်သာ ရပ်တန့် နေသဖြင့် အားမလို အားမရဖြစ်ရသမျှသည် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ (NREC) ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ရေးဆွဲ ခဲ့သည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာဥပဒေ(မူကြမ်း) (Draft Renewable Energy Law- RE Law) ထွက်ပေါ်လာသည့်အချိန်တွင် အားရကျေနပ်မိရ သည်။ မိမိအနေဖြင့် အမျိုးသားအဆင့်ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာကော်မတီမှ တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ RE Law မူကြမ်း ရေးဆွဲနေကြသည့် တာဝန်ရှိသူများ၊ အဘက် ဘက်မှ လေ့လာအကြံပြုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရကလည်း ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအား အထူးအလေးပေး ဆောင်ရွက်လာသည်ကို တွေ့မြင်ရသည့်အတွက် RE Law မြန်မြန်ဆန်ဆန် အပြီးသတ်၍ အတည်ပြုနိုင်ရေး ဆက်လက် အားထုတ်ပေးကြဖို့ တိုက်တွန်းအပ်ပါသည်။
ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်သည့်အခါ စွမ်းအင်ထုတ်လုပ်သူရော သုံးစွဲသူအတွက်ပါ အကာအကွယ်ပေးနိုင်ရန်၊ လုပ်ငန်းအရ၊ စီးပွားရေးအရ အာမခံချက်ပေးနိုင် ရန် အရေးကြီးသည်။ သည့်အတွက် မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ချမှတ်ထားရှိရန် လိုပေသည်။ အထူးသဖြင့် သီးခြားရပ်တည်ရသည့် ဓာတ်အားလိုင်းပြင်ပစနစ် (Off-Grid)အတွက် လုပ်ငန်းအာမခံချက်ပေးနိုင်ရန် လိုသည်။ ဓာတ်အား လိုင်းပြင်ပစနစ်ဖြစ်သည့် အသေးစားဓာတ်အား စနစ် စီမံကိန်းဧရိယာသို့ မဟာဓာတ်အားလိုင်း (National Grid)ရောက်ရှိလာချိန်တွင် Grid နှင့်ချိတ်ဆက် (Grid Interconnection) နိုင်မည် လား၊ သို့တည်းမဟုတ် Grid သို့ ဓာတ်အား ပြန်လည် ရောင်းချနိုင်မည်လားဆိုသည်က မူဝါဒ၊ ဥပဒေသ တစ်စုံတစ်ရာမရှိပါဘဲ တိတိကျကျ အဖြေပေး ၍ရသည်မဟုတ်။
RE Law (မူကြမ်း) ကို အကြမ်းဖျင်းလေ့လာ ကြည့်သည့်အခါ On-Grid ရော Off-Grid ကိုပါ ပြည့်ပြည့်ဝဝ လွှမ်းခြုံထားသည်ကို တွေ့ရသည့် အပြင် Grid Interconnection အတွက်ရော၊ Small Power Producer အဖြစ် ဆောင်ရွက်ခွင့်ပြုရန်မှသည် ပိုလျှံဓာတ်အားကို ပြန်လည်ရောင်းချနိုင်မည့် Surplus Power Tariff အပိုင်း၊ Net Metering အပိုင်းတွေပါ ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရ သည်။ Incentives အနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာ သွင်းကုန်ပစ္စည်းများအပေါ်တွင် အခွန်အခ ကင်းလွတ်ခွင့်ပေးခြင်း/ လျှော့ပေါ့ပေးခြင်းစသည့် အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲထားသည့် အတွက် ဤဥပဒေကို အတည်ပြုလိုက်နိုင်လျှင်မူ အသေးစားဓာတ်အားစနစ် (Mini-Grid) လုပ်ငန်း များအတွက် လုပ်ငန်းအာမခံချက်ပြည့်ပြည့်ဝဝ ရရှိသွားမည်ဖြစ်ပြီး ခံစားခွင့်ရပိုင်ခွင့်များပါ ပိုမိုရရှိသွားမည်ဟု ယူဆမိ သည်။
ဥပဒေ(မူကြမ်း)တွင်ပါဝင်လာသည့် အသေးစားဓာတ်အားထုတ်လုပ်သူများအတွက် အခွင့်အလမ်း
5MW အောက် ဓာတ်အားထုတ်လုပ်သူများ သည် အသေးစားဓာတ်အားထုတ်လုပ်သူ (Small Power Producer- SPP) အဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး 30 KW အောက်ဖြစ်မည်ဆိုလျှင် VSPP–Very Small Power Producer အနေဖြင့် ဆောင်ရွက်နိုင် မည် ဖြစ်သည်။ သုံးစွဲမည့် အင်ဗာတာ၊ Generator စသည် တို့အတွက် IEC Standards စံနှုန်းများ သတ်မှတ်ပြီးသား ပါဝင်လာနိုင်မည်ဖြစ်၍ စံချိန် စံညွှန်းနှင့် စံနှုန်းများ တစ်သမတ်တည်း ဖြစ်သွား မည်ဖြစ်ပြီး Grid Interconnection အတွက် ပို၍အဆင်ပြေစေမည်ဖြစ်သည်။ လက်ရှိမူကြမ်း တွင် Grid Interconnection ပိုင်းကို အတော်လေး ပြည့်ပြည့်စုံစုံဖော်ပြထားသည်ကို တွေ့ရသည့်အပြင် Grid မရောက်မီကာလတွင် Mini-Grid လုပ်ငန်း များအနေဖြင့် Small Power Producer များအဖြစ် သီးခြားရပ်တည်နိုင်ပြီး ဓာတ်အားရောင်းချမည် ဆိုပါက Power Purchase Agreement (PPA)ချုပ်ဆို ဆောင်ရွက်နိုင်မည်ဖြစ်သည်ကို တွေ့ရ သည် ။ Grid ရောက်မည်ဆိုပါကလည်း Grid မရောက်မီ ခြောက်လကြိုတင်၍ မူလ PPA ကို ဖျက်သိမ်းကာ Grid Interconnection ပြုလုပ်ရန် PPA အသစ် ပြန်လည်ချုပ်ဆိုနိုင်မည်ဖြစ်ပြီး ၁၅ နှစ်အထိ ချုပ်ဆိုခွင့်ရှိမည်ဖြစ်သည်။ Inter- connection စံနှုန်းများနှင့် ကိုက်ညီစေရန်မူ ဓာတ်အားရောင်းချသူဘက်မှ ဆောင်ရွက်ပေးရ မည် ဖြစ်ပေသည်။
ဤဥပဒေမူကြမ်းကိုမူ ပြန်ပြည့်မြဲစွမ်းအင်ဖွံ့ဖြိုး ရေးဆောင်ရွက်သူ (Developer) တိုင်းက ဝမ်းပန်း တသာ ကြိုဆိုသည်ကို တွေ့ရသည်။
“RE Law အတည်ပြုခဲ့ရင်တော့ ကျွန်တော်တို့ အတွက် အတော်လေး လုပ်သာကိုင်သာရှိသွားမယ်၊ လုပ်ငန်းအာမခံချက်လည်း ရှိလာမယ်။ ကျွန်တော် တို့ ထည့်စဉ်းစားရမှာက Grid ကို ပြန်ရောင်းရမယ့် ဓာတ်အားခနှုန်းထားကိစ္စလေးပါပဲ။ လက်ရှိမူကြမ်း မှာ ထည့်သွင်းထားတဲ့ ပိုလျှံဓာတ်အားပြန်လည် ရောင်းချတဲ့နှုန်းထား (Surplus Tariff Rate)တွက်ချက်မှုကိုတော့ မြေပြင်အခြေအနေနဲ့ ကိုက်ညီ အောင် ပြန်ချိန်ညှိဖို့လိုမယ်လို့ ထင်မိပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ပြန်ပြည့်မြဲစွမ်းအင်ဖွံ့ဖြိုးရေးဆောင်ရွက်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်
အကန့်အသတ်၊ အခက်အခဲများ
ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု ဓာတ်အားလိုင်း ပြင်ပစနစ် ဆောင်ရွက်ကြရာတွင် လက်ရှိရင်ဆိုင် နေကြရသည့် အကန့်အသတ်၊ အခက်အခဲများနှင့် ပတ်သက်၍ တီးခေါက်ကြည့်ရာတွင်မူ “အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက်က ပြည်ပက တင်သွင်းရတာ ဖြစ်နေတော့ ခုလက်ရှိ ငွေလဲနှုန်းအတက်အကျ မတည်ငြိမ်တာ။ ဗဟိုဘဏ်ပေါက်ဈေးနဲ့ ပြင်ပ ငွေလဲနှုန်း ကွာဟချက်ကြီးမားတာတွေက အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာပေါ့ဗျာ။ ဒီ RE Law အတည်ပြုလိုက်နိုင်ပြီး အခွန်ကင်းလွတ်ခွင့်တွေ ရှိလာမယ်၊ RE Policy မှာလည်း Incentive ပိုင်း ကိုပါ မူဝါဒအနေနဲ့ ထည့်သွင်းရေးဆွဲပေးပြီး RE Policy အရရော ကိုဗစ်ကာလထိခိုက်မှုတွေကို ကုစားတဲ့အနေနဲ့ပါ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပစ္စည်းတင်သွင်းမှုတွေနဲ့ ပတ်သက်ပြီး စွမ်းအင်ဖွံ့ဖြိုး ရေးလုပ်တဲ့ကုမ္ပဏီတွေကို Incentive ပေးတဲ့ အနေနဲ့ ဗဟိုဘဏ်ပေါက်ဈေးနဲ့ ဒေါ်လာဝယ်ခွင့်ပြု မယ်ဆိုရင် ဒီပြဿနာတွေက ဖြေရှင်းပြီး ဖြစ်သွား မှာပါ။ လက်ရှိမှာတော့ ကျွန်တော်တို့က ကိုယ့်တိုင်း ပြည် ဖွံ့ဖြိုးရေးအတွက်ဆိုတဲ့စိတ်နဲ့ပဲ ဒီနေ့ထိ တောင့်ခံပြီး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်” ဟုဆိုသည်။
မှန်ပေသည်။ REနယ်ပယ်တွင် တောင့်ခံနိုင်ဖို့ ဆိုသည်က တော်ရုံစိတ်ဇော၊ ဇွဲနပဲ၊ တော်တန်ရုံ စိတ်စေတနာ၊ ဝါသနာဖြင့် ရသည်မဟုတ်။ နိုင်ငံ အပေါ်ထားသည့် စေတနာရော၊ ဝါသနာ သာမက အနစ်နာခံနိုင်မှု၊ အခက်အခဲ အကျပ်အတည်း ရင်ဆိုင်နိုင်စွမ်းတို့ဖြင့် ရုန်းကန်ရှင်သန်ကြရခြင်း ဖြစ်ပေသည်။ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ခိုင်ခိုင် မာမာ မရှိသေးမီကာလတွင် လုပ်ကိုင်ကြရသည်က အမှောင်ထဲ စမ်းတဝါးဝါး သွားရသည်နှင့် အလား သဏ္ဌာန်တူသည်။ ကျောထောက်နောက်ခံပြုစရာ၊ ကိုးကားထောက်ပြစရာဟူ၍ မရှိ၊ လုပ်ငန်းအာမခံ ချက် မရှိ၊ ဒီအနေအထားတွင် ရုန်းကန်ကြိုးစားပေး နေသူ၊ ဖွံ့ဖြိုးရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ပါဝင်ပေးနေသူအားလုံးကို ကျေးဇူးတင်မိသည်။
ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးဖို့ဆိုသည်က မူဝါဒ၊ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှု၊ ပြည်တွင်း ပြည်ပရင်းနှီးမြုပ်နှံမှုတို့အပေါ် တည်မှီခြင်းဖြစ်ပြီး ထိုသူတို့ကို ဖိတ်ခေါ်နိုင်ရန်အတွက်မူ တိကျခိုင်မာ သည့် မူဝါဒ၊ ဥပဒေများ ချမှတ်ထားရှိနိုင်မှုပေါ်တွင် တည်သည်။ နှစ်လရှည်ကြာ ကြန့်ကြာနေခဲ့ရသည့် မူကြမ်းများကို လျင်လျင်မြန်မြန် အပြီးသတ်ရေးဆွဲ ချမှတ်နိုင်ခဲ့မည်ဆိုလျှင်မူ ကြုံတွေ့နေရသည့် အကန့်အသတ်အတားအဆီး အတော်များများကို ကျော်လွှားပြီးဖြစ်သွားပေလိမ့်မည်။
အာဆီယံ၏ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ မျှော် မှန်းချက်( ASEAN Renewable Energy Target)
တစ်ဖက်တွင်လည်း အာဆီယံဒေသတွင်း ဆိုင်ရာ ၂၀၂၅ ခုနှစ် မျှော်မှန်းချက်ဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြု Installed Capacity ၃၅ ရာခိုင်နှုန်းခန့် ဖြစ်စေရေးပန်းတိုင် (Target)အရ မြန်မာနိုင်ငံအနေဖြင့် အကြီးစားရေအား လျှပ်စစ်ထုတ်လုပ်မှုမပါဝင်စေဘဲ ပြန်ပြည့်မြဲ စွမ်းအင်အသုံးပြု Installed Capacity (RE Share %) ၂၀ ရာခိုင်နှုန်းခန့်ဖြစ်ရမည်ဟူသည့် ပန်းတိုင် ရှိနေသည်။ မိမိတို့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံဒေသတွင်း မျှော်မှန်းချက်များအပေါ်တွင်လည်း လိုက်နာ ဆောင်ရွက်ရမည့်တာဝန်က ရှိသည်။ ၂၀၂၀ ပြည့်နှစ် ကုန်လွန်ချိန်အထိ မြန်မာနိုင်ငံ၏ RE Share ရာခိုင် နှုန်းမှာ ရေအားလျှပ်စစ်အပါအဝင် ၄၉ ဒသမ ၄ ရာခိုင် နှုန်းခန့်ရှိသည်။ ၎င်းတွင် ရေအားလျှပ်စစ် ကို ဖယ်ထုတ်တွက်ချက်မည်ဆိုပါက ပြန်ပြည့်မြဲ စွမ်းအင်အနေဖြင့် ဆိုလာစွမ်းအင်တစ်ခုတည်းသာ ပါဝင်ပြီး ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ပါဝင်မှုရှိသည် ကို တွေ့ရသည်။
သို့ဆိုလျှင် ၂၀၂၅ ခုနှစ်တွင် RE Share ၂၀ ရာခိုင် နှုန်းဖြစ်စေရေးမှာ မြန်မာနိုင်ငံအနေဖြင့် အတော် လေး ကြိုးစားရုန်းကန်ရမည့်အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် On-Grid ပိုင်း သာမက Off-Grid ပိုင်းမှလည်း တစ်တပ်တစ်အား ပါဝင် ကြိုးစားပေးရန်လိုသည်။ ပြန်ပြည့်မြဲစွမ်းအင်အသုံး ပြု ဓာတ်အားလိုင်းပြင်ပစနစ်(Off-Grid)ဖွံ့ဖြိုးစေ ရေးအတွက် မည်သည့်ကဏ္ဍများနှင့်ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သင့်သည်ကို စဉ်းစားရပေမည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သောက်သုံးရေရရှိရေး ကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် Off-Grid ကဏ္ဍဖွံ့ဖြိုးမှုမှတစ်ဆင့် လူမှုစီးပွားဘဝ (Socio-economic) ဖွံ့ဖြိုးရေးကိုပါ ကျွဲကူးရေပါ ဖန်တီးလုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။
ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု ဓာတ်အားလိုင်း ပြင်ပစနစ် ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်
ဆိုလာစွမ်းအင်အသုံးပြု စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများတွင် Pilot အနေဖြင့် ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက် မှုစနစ်ကို ကျင့်သုံး၍ တစ်မြို့နယ်တစ်ခု(သို့) တစ်ခရိုင်တစ်ခု ဆောင်ရွက်သင့်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် မူဝါဒပိုင်း၊ နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ သောက်သုံးရေရရှိရေး လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးထည့်ဝင်မှု အနေဖြင့် နိုင်ငံတော်က ၇၀ ရာခိုင်နှုန်းနှင့် အထက်၊ ကျေးရွာမှ ၃၀ ရာခိုင်နှုန်းနှင့်အောက် ထည့်ဝင် သည့်ပုံစံမျိုးဖြင့် ဆောင်ရွက်ပြီး ပုဂ္ဂလိကကဏ္ဍမှ နည်းပညာပိုင်းနှင့် ဝန်ဆောင်မှုအပိုင်းကို ဆောင်ရွက်ပေးမည့်လုပ်ငန်းပုံစံ (Business Model) မျိုးဖြင့် ဆောင်ရွက်သွားမည်ဆိုပါက ပို၍သင့်လျော် မည်ဖြစ်ပေသည်။
အလားတူ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ဒီဇယ်အင်ဂျင်များအစား ဆိုလာစွမ်းအင်အသုံးပြုသည့်စနစ်ကို Pilot အနေဖြင့် လုပ်ငန်းရှင်တောင်သူနှင့် တိုင်းဒေသကြီး အစိုးရက ၇၀ ရာခိုင်နှုန်း ပူးပေါင်းထည့်ဝင်ပြီး သက်ဆိုင်ရာ ဌာနက ၃၀ ရာခိုင်နှုန်း ထည့်ဝင်သည့် နည်းလမ်းမျိုးဖြင့် တွက်ခြေကိုက်မှုရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပေသည်။ လျှပ်စစ်မီး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိပြီ ဆိုပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း ကျေးရွာနေပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များ အတန်အသင့် ပြည့်စုံပြီဟု ဆိုရ ပေမည်။
ဤသို့ကဏ္ဍအချင်းချင်း ချိတ်ဆက်ဆောင်ရွက် သည့်နည်းဗျူဟာဖြင့် ကဏ္ဍတစ်ခုနှင့် တစ်ခု ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားမှသာလျှင် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု ဓာတ်အားလိုင်းပြင်ပ စနစ်မှတစ်ဆင့် ကဏ္ဍစုံဖွံ့ဖြိုးရေးဆီ ဦးတည် လျှောက်လှမ်းနိုင်မည်ဖြစ်ပေသည်။ ထိုသို့ လျှောက်လှမ်းရာတွင် ပြည်သူ-ပုဂ္ဂလိက ပူးပေါင်း ပါဝင်မှုသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ပြီး အားလုံးပါဝင်လာစေရန်အတွက်မူ မြေပြင်လိုအပ် ချက်နှင့် လိုက်လျောညီထွေရှိစေမည့် သင့်လျော် မှန်ကန် တိကျခိုင်မာသည့် မူဝါဒ၊ ဥပဒေသများ ချမှတ်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း အကြံ ပြုတင်ပြလိုက်ရပါသည်။ ။
- Log in to post comments