ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၅

 

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၌ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

 

သုံးသပ်ဆွေးနွေး

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲချိန်၌ ပါဝင်ကူညီခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ကုလသမဂ္ဂ၏ ပြည်တွင်းနေရပ်စွန့်ခွာသူများဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေကျွမ်းကျင်ပညာရှင် Professor Walter Kalin က ဦးဆောင်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက်များ၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပုံမှန်ဘဝအခြေအနေသို့ ပြန်လည်ရောက်ရှိ စေရန် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သော ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ လူနေမှုအဆင့်အတန်းမီရေးဆိုင်ရာလုံခြုံမှု၊ ဥပဒေပိုင်းဆိုင်ရာ လုံခြုံမှုတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ ဆူဒန်နိုင်ငံနှင့် ဆိုမာလီယာ တို့၏ အတွေ့အကြုံကောင်းများ၊ ပြန်လည်နေရာချထားရေး ဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ မဟာဗျူဟာ၊ မူဝါဒများနှင့် စပ်လျဉ်း၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများအပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများ က ဆွေးနွေးမှုရလဒ်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက အဖွဲ့သုံးဖွဲ့ခွဲ၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး တွေ့ကြုံရ သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အလေ့အကျင့်ကောင်း များ၊ အတွေ့အကြုံများ၊ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်အပါအဝင် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်