
နေပြည်တော် နိုဝင်ဘာ ၂
ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ အသားငါးကဏ္ဍဆိုင်ရာ ပို့ကုန် တိုးမြှင့်ရေးအတွက် မွေးမြူထုတ်လုပ်မှုစနစ်၊ တိရစ္ဆာန်အစာကျွေးမွေးမှုစနစ်နှင့် တိရစ္ဆာန် ကူးစက် ရောဂါ ကာကွယ်တားဆီး နှိမ်နင်းရေးစနစ်များကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး ပြောင်းလဲကျင့်သုံး နိုင်ရန် မိမိတို့ဝန်ကြီးဌာနက အားပေးကူညီလျက်ရှိ သကဲ့သို့ မွေးမြူထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက် တစ်လျှောက်ရှိ သက်ဆိုင်သူအားလုံးတို့ကလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသားငါး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး ငါးသားဖောက်သရုပ်ပြကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ငါးအစာကျွေးစနစ်နှင့် ငါးစာအရည်အသွေးစစ်ဆေး တိုင်းတာခြင်းလုပ်ငန်း၊ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးမျိုးများ ဆေးထိုးသားဖောက် ခြင်းနှင့် ရွှေဝါငါးကြင်းအား သဘာဝနည်းဖြင့် သားဖောက်ခြင်းအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ မန္တလေး အစာချက်စပ်စက်ရုံကိုလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထုံးဘိုဝက်မွေးမြူရေးခြံတွင် အသားတိုးဝက် မွေးမြူထုတ်လုပ်နေမှုကို လည်းကောင်း၊ ကြူဝန်းနွားခြံ၏ အသားတိုးနွား မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်နှင့် နည်းပညာသရုပ်ပြ လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး (ဝဲပုံ) မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးတောင်သူ နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) သို့ရောက်ရှိကြပြီး မွေးမြူရေး ဒီပလိုမာသင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ သင်ကြားရေးအထောက်အကူပြု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်