
နေပြည်တော် ဒီဇင်ဘာ ၁၆
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ အေးဇော်၊ မွန်ပြည်နယ် ရေးမြို့ အဘော်ကျေးရွာနေ နေလင်း(ခ)နေသူရလင်း၊ ဒေါ်မြင့်မြင့်သန်း(ခ)ဒေါ်မလေးနှင့် ဒေါ်ယွန်းစိန်တို့က ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်နေ မxxx (၂၈) နှစ်နှင့် မxxx (၁၆) နှစ်တို့အား မွန်ပြည်နယ် ရေးမြို့ရှိ ကောင်းမြတ်သာ KTV ဆိုင်နှင့် ဧရာဝတီ (၁) KTV ဆိုင်တို့တွင် အလုပ်လုပ်ရမည်ဟု စည်းရုံးပြောဆို၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်အား ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ) ၁၅၇၈ / ၂၀၂၀၊ (ပ) ၁၅၇၉/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် တရားခံ ဒေါ်ယွန်းစိန်၊ အေးဇော်၊ နေလင်း(ခ)နေသူရလင်း နှင့် ဒေါ်မြင့်မြင့်သန်း(ခ)ဒေါ်မလေးတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်