
နေပြည်တော် ဇွန် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှုနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ် စီးပွားရေးပြန်လည် နာလန်ထူရေးဆိုင်ရာ အဆင့်မြင့်ညီလာခံသို့ နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ခဲ့သည်။
ညီလာခံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံ တော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဝမ်ယိက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကိုလံဘီယာနိုင်ငံ သမ္မတ၊ ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာဇတ်စတန် နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာဂျီစတန်နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး၊ ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ တာခ်မင်နစ္စတန်နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီး၊ အခြားနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ဝန်ကြီးများအပါအဝင် စုစုပေါင်းနိုင်ငံ (၂၉) နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စား လှယ်များက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆိုင်ရာ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးနှင့် ကူးစက်ရောဂါ အလွန်ကာလ၌ စဉ်ဆက်မပြတ် စီးပွားရေးပြန်လည် နာလန်ထူရေးအတွက် နိုင်ငံအလိုက် ကြိုးပမ်း အားထုတ်မှုများကို ဖလှယ်ခဲ့ကြသည်။ ထို့အပြင် သဟဇာတဖြစ်သည့် ဂေဟစနစ်ကို ထိန်းသိမ်းခြင်း၊ စိမ်းလန်းသောအခြေခံအဆောက်အဦ ဖွံ့ဖြိုးမှု မြှင့်တင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို စုပေါင်း အင်အားဖြင့် တုံ့ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေး အသွင် ကူးပြောင်းခြင်း စသည့်ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က မြန်မာနိုင်ငံ၌ “မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးမူ” နှင့်အညီ အစီအမံ များချမှတ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အဆိုပါ ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှုများကို တုံ့ပြန်လျက်ရှိမှုကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ခွဲဝေမှုစနစ်သည် မျှတပြီးပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး များရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာ ရေးအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ အနေဖြင့် တတ်နိုင်သရွေ့နည်းလမ်းများဖြင့် ဘဏ္ဍာ ငွေထောက်ပံ့မှုများ ပြုလုပ်စေလိုကြောင်း အလေး ထား တိုက်တွန်းခဲ့သည်။ ထို့အပြင် ပြည်ထောင်စု ဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက် ရေးတွင် အကူအညီ အထောက်အပံ့များ ပေးအပ်ခဲ့ သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင် ပိုးလမ်းမ (Green Silk Road) ဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ အာဂျင်ဒါနှင့်အညီ နိုင်ငံအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်း ရောင် စီးပွားရေး ဖော်ဆောင်နေမှု အခြေအနေများကို မျှဝေခဲ့ပါသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ပိုးလမ်းမတစ်ရပ် တည်ထောင်နိုင်ရေး အတွက် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက် မှုနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆက်လက်ဖော်ဆောင်ရန်၊ ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်သည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင် ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တိုက်တွန်း ပြောကြားခဲ့သည်။
ညီလာခံသို့ တက်ရောက်လာသည့် ရပ်ဝန်း နှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ များမှ “ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများ၏ ဦးဆောင်ဦးရွက် ပြုမှုအစီအစဉ်” နှင့် “အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု အတွက်ရပ်ဝန်းနှင့်ပိုးလမ်းမ မိတ်ဖက်နိုင်ငံများ၏ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်” တို့ကို ပူးတွဲ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်