
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုပေးနေမှုများနှင့် NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
================================================================================================================================
နေပြည်တော် ဒီဇင်ဘာ ၅
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် လျှပ်စစ် အင်ဂျင်နီယာရုံး၊ ဥတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးနှင့် တပ်ကုန်းမြို့နယ်အတွင်း NEP အစီအစဉ်ဖြင့် မီးလင်း ရေးဆောင်ရွက်ခဲ့သည့် ရှားတောကျေးရွာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၌ နေပြည်တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသူရအောင်ဘိုက ပြည်ထောင်စု နယ်မြေအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဖြန့်ဖြူးမှု အခြေအနေများကိုလည်းကောင်း၊ ဒက္ခိဏခရိုင် လျှပ်စစ် အင်ဂျင်နီယာက ဒက္ခိဏခရိုင်အတွင်း ဓာတ်အားသုံးစွဲမှု၊ ဖြန့်ဖြူးမှု အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ နိုင်ငံတော်တစ်ဝန်းလုံးရှိ ဒေသများသို့ ဟန်ချက် ညီညီ တိုးတက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ဓာတ်အားစနစ်နှင့် ဝေးကွာသော ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး အတွက် Decentralization စနစ်၊ Mini Grid ၊ Renewable Energy ၊ Solar ၊ အသေးစားရေအားလျှပ်စစ်စီမံကိန်းများ၊ ဒီဇယ်အင်ဂျင်သုံးမီးစက်များ၊ ကိုယ်ထူကိုယ်ထ တစ်ပိုင် တစ်နိုင် အစီအစဉ်များနှင့် အသီးသီးတည်ဆောက်နိုင်ရန်စီမံ၍ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် လက်ရှိ၌ တစ်နိုင်ငံလုံး၏ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အတူ လျှပ်စစ်မီးမရရှိသေးသော ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိရာ ယခု အချိန်ကာလအထိ လေးနှစ်ကျော်ကာလအတွင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း မိုင် ၂၄၀၀၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း မိုင် ၁၄၀၀၀၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း မိုင် ၁၄၀၀၀ စုစုပေါင်း မိုင် ၃၀၄၀၀ တို့ကို လည်းကောင်း၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမ်ဗွီအေ ၃၆၀၀ နှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမ်ဗွီအေ ၁၀၀၀၀ တို့ကို အသီးသီးတိုးတက်အောင် ဆောင်ရွက်ပေးနိုင် ခဲ့သည့်အတွက် မြို့ ၈၂ မြို့နှင့် ကျေးရွာပေါင်း ၁၀၂၉၄ ရွာတို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ ပါကြောင်း။
တိုးချဲ့တည်ဆောက်သွားမည်
လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ဓာတ်အားဖြန့်ဖြူးရေးအပိုင်းအနေဖြင့် ၆၆ ကေဗွီ ဓာတ်အား လိုင်း ၂၂၅ ဒသမ ၉၉ မိုင်နှင့် အမ်ဗွီအေ ၈၉၀၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၃၅၅ ဒသမ ၀၄ မိုင်နှင့် ၄၇၄ အမ်ဗွီအေ၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁၉၉ ဒသမ ၂၂ မိုင်နှင့် ၁၁၄ ဒသမ ၆ အမ်ဗွီအေ တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ပါ ကြောင်း၊ ထို့သို့ တည်ဆောက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာ ရန်ပုံငွေမှ ကျခံဆောင်ရွက်သကဲ့သို့ နိုင်ငံတကာချေးငွေများ ဖြစ်သည့် World Bank ၊ ADB ၊ JICA နှင့် KfW စသည်တို့ အပြင် မိတ်ဖက်နိုင်ငံများ၏ အကူအညီ(Grant)တို့ဖြင့်လည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေ အစီအစဉ်ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ကို ဓာတ်အားစနစ်မှ နှစ်မိုင်အတွင်း ကျေးရွာများအား ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ကျေးရွာ ပေါင်း ၅၀၈၀ ရွာကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း၊အနောက်ပိုင်း)၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့တွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၁ ရက်အထိ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ကျေးရွာ ပေါင်း ၄၃၉၄ ရွာ ဆောင်ရွက်ပြီးစီးကာ ၎င်းရွာများအနက် ၃၉၇၁ ရွာ မီးလင်းပြီးဖြစ်ပါကြောင်း။
NEP ပထမအဆင့် စီမံကိန်းလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ စု ဓာတ်အားရရှိသွားမည်ဖြစ်ကာ တစ်နိုင်ငံလုံးမီးသုံးစွဲမှု၊ အိမ်ထောင်စုများအပေါ် တိုးတက်လာမည့် မီးလင်းပြီး ရာခိုင်နှုန်း (Electrification Rate ) အနေဖြင့် ၅ ဒသမ ၇၆ ရာခိုင်နှုန်း တိုးတက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ NEP ဒုတိယအဆင့်ကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက် လျက်ရှိရာ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့ရှိ ကျေးရွာပေါင်း ၄၇၀၀ ကို ဓာတ်အား စနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကာ ယခုကာလ အထိ စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းပြီးစီးမှုမှာ ၃၉ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ဒုတိယအဆင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ လတွင် ပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းများ ပြီးမြောက်သွားပါက အိမ်ထောင်စုပေါင်း ၅၃၉၆၇၄ စု ဓာတ်အားရရှိသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်းမှာ ၄ ဒသမ ၉၆ ရာခိုင်နှုန်းအထိ တိုးတက်သွားမည်ဖြစ်ပါကြောင်း။
မှာကြား
NEP Phase I ပထမအဆင့်နှင့် ဒုတိယအဆင့်တို့ တည်ဆောက်ပြီးစီးသွားပါက ကျေးရွာပေါင်း ၉၇၈၀ နှင့် စုစုပေါင်း အိမ်ထောင်စု ၁၁၆၆၄၃၁ စု လျှပ်စစ်ဓာတ်အား ရရှိသွားမည်ဖြစ်ကာ စုစုပေါင်း Electrification Rate ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း တိုးတက်ရရှိ သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ အခြေခံကျသော လိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးဖြစ်သည့် အလျှောက် မိမိတို့ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုများ သည် ပြည်သူလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်ဆိုင်နေသဖြင့် ပေးထားသည့် ရည်မှန်းချက်များအပေါ် အားလုံးမှ အထူး အလေးထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အတွင်း NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ခဲ့သော ရှားတောကျေးရွာသို့ရောက်ရှိပြီး ကျေးရွာပြည်သူလူထုနှင့် တွေ့ဆုံသည်။
ယင်းနောက် ကျေးရွာနေပြည်သူလူထုအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ လှူဒါန်းပေးခဲ့ကာ NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ပေးခဲ့မှုနှင့် ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲနိုင်မှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်