နေပြည်တော် ဇွန် ၂၂
စိုက်ပျိုးမွေးမြူရေး အခြေခံသော ဒေသစီးပွားရေး ဖွံ့ဖြိုးမှုဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဈေးကွက်ဝင် ဈေးကောင်းရ တန်ဖိုးမြင့်သီးနှံများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ အတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပေး နိုင်ရေး၊ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော အခြောက်ခံစနစ်၊ သိုလှောင်ထိန်းသိမ်း နည်း၊ ကုန်ချောထုတ်လုပ်နည်းပညာများ အသုံးပြု နိုင်ရေးအပြင် စိတ်ဝင်စားသည့် ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို ချိတ် ဆက်ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ဒေသ၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရာသီသီးနှံနှင့် သစ်သီးဝလံများအပြင် မြေပြန့်ကော်ဖီနှင့် ကိုကိုး သီးနှံကဲ့သို့သော နှစ်ရှည်သီးနှံများ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်လိုပါက မြေယာအသုံးပြုခွင့်၊ မျိုးရရှိရေး နှင့် နည်းပညာအကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာများကို လက်ဆောင်အဖြစ် ပေးအပ်ရာ ဒီမို ကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကိုယ်စားလှယ်အဖွဲ့ဝင်များက လက်ခံရယူကြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ကူညီပေး နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဒီမို ကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်မည့် အခြေအနေများကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



