
နေပြည်တော် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမား များ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုကာလ တွင် အလုပ်သမားရေးရာကဏ္ဍအား ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်တိုဘာ ၁၂ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် A အဆင့်ရှိသည့် စက်ရုံ၊ အလုပ်ရုံများ အား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းချက်များ နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန် ကာလတွင် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး၊ တည့်မတ်နိုင်ရေးအတွက် ရည်ရွယ်၍ ရေရှည်အကျိုးကို ကြည့်ကာ သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့စက်ရုံ၊ အလုပ်ရုံ များအား မူလသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် အတွက် ဆက်လက်လုပ်ကိုင်ခွင့်ပြုသည့်အပေါ် အလုပ် သမားအချို့၏ စိုးရိမ်ပူပန်မှုများကိုလည်း နားလည် ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် အလုပ်ရှင်နှင့် အလုပ် သမားအားလုံးက တိကျစွာ လိုက်နာလုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း၊ တင်ပြလာသည့် သတ်မှတ်ချက် များနှင့်ကိုက်ညီမှုမရှိဟုယူဆသော စက်ရုံ၊ အလုပ်ရုံများကို လည်း သက်ဆိုင်ရာဌာနများက ရှောင်တခင်စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ စက်ရုံများရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့များကလည်း မိမိစက်ရုံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျှော့ပေးမှုများအနေဖြင့် ထည့်ဝင် ကြေးပေးသွင်းသည့်ကာလကို သက်ဆိုင်ရာလကုန်ဆုံးပြီး နောက် (၃) လ နောက်ဆုတ်ပေးသွင်းခွင့်ပြုခြင်း၊ အလုပ် လက်မဲ့ကာလအတွင်း မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့်/ဆေးဖိုးနှင့် ခရီးစရိတ်များကို ၆ လမှ ၁ နှစ် အထိခံစားခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင်အာမခံ အလုပ်သမား များကို မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုခြင်းနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမား များ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ပါကြောင်း။
ထောက်ပံ့မှုများ
ထောက်ပံ့မှုများအနေဖြင့် COVID -19 1st Wave ကာလ ဧပြီ ၂၀ ရက်မှ မေ ၁၅ ရက်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အစစ်ဆေးခံရန် ခေတ္တပိတ်ထားသောစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနပေါင်း ၆,၄၂၉ ခုမှ၊ အလုပ်သမားပေါင်း ၈၀၀,၂၆၀ အတွက် ငွေကျပ်သန်း ၁,၉၆၄၀ ဒသမ ၆၃၆ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်သောဌာနများကိုလည်း စိစစ် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ COVID-19 2nd Wave ကာလရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့် ကြော်ငြာစာအမှတ် ၁၉၆/၂၀၂၀ နှင့် ၁၉၈/၂၀၂၀ တို့အရ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန များတွင်ရှိသော အလုပ်သမား ၈၆၃,၉၀၀ အတွက် လူမှု ဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းအား ခွင့်ပြုပေးရန် ငွေကျပ်သန်း ၆၀,၁၄၆ သန်း လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဖူလုံရေးထောက်ပံ့ငွေများ လျှောက်ထား ရာတွင် Online Webportal နှင့် မြို့နယ်ရုံးခွဲမှတစ်ဆင့် လျှောက်ထားခြင်းများအား အောက်တိုဘာ ၁၅ ရက်အထိ လျှောက်ထားမှုအချက်အလက်ပြည့်စုံသည့် ဌာန ၁,၁၂၃ ဌာနမှ အာမခံအလုပ်သမား ၁၅၅,၈၂၂ ဦးအတွက် ခွင့်ပြု ငွေကျပ်သန်း ၁၀၅၅၀ ဒသမ ၀၃၂ ကို ခွင့်ပြုပေးခဲ့ပြီး ကျန်အလုပ်ဌာနများကိုလည်း ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ပါကြောင်း၊ Stay at Home အဖြစ် သတ်မှတ် ထားသောကျန်သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများရှိ မြို့နယ် ၁၁ မြို့နယ်ရှိ အလုပ်ဌာန ၄,၇၂၇ ဌာနရှိ အာမခံ အလုပ်သမား ၁၀၂,၃၅၉ ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းအား ခွင့်ပြုထုတ်ပေးသွား မည်ဖြစ်ပါကြောင်း။
ဆေးကုသမှု ဆောင်ရွက်ပေးနေ
ဆေးကုသမှု ဆောင်ရွက်ပေးနေမှုများအနေဖြင့် PUI လူနာများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် ဆေးရုံ၊ မန္တလေးအလုပ်သမားဆေးရုံများတွင် ICU နှစ်ခုတင်၊ Isolation ၁၈ ခုတင် စုစုပေါင်း ခုတင် ၂၀ ပြင်ဆင် ၍ ကုသမှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ 1st Wave ကာလ မတ် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အတွင်းလူနာ ၁,၈၅၉ ဦး၊ ပြင်ပလူနာ ၄၀၃,၉၇၂ ဦးအား ဆေးကုသမှု ပေးနိုင်ခဲ့ပြီး 2nd Wave ကာလ ဩဂုတ် ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ အတွင်းလူနာ ၉၃၈ ဦး၊ ပြင်ပ လူနာ ၁၇၂,၅၂၂ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမား ၇၇၂ ဦးမှာ Positive လူနာရှိပြီး သက်ဆိုင်ရာကျန်းမာရေးဌာန၊ တိုင်းဒေသကြီး ကိုဗစ်ကော်မတီမှ သတ်မှတ်ထားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ခံရသည့် အာမခံအလုပ်သမား ၈၀၅၇ ဦး၊ ဆေးသက်သေခံ လက်မှတ် ထုတ်ပြီးသူ ၁,၆၈၈ ဦး၊ မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့် ၆၀ ရာခိုင်နှုန်းထုတ်ပြီးသူ အာမခံအလုပ်သမား ၄၉၉ ဦးအတွက် ငွေကျပ် ၄၅ ဒသမ ၃၉၅ သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမား ကိုယ်ဝန်ဆောင်မိခင် ၉,၈၈၂ ဦး၊ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ ၃,၃၉၅ ဦးအတွက် ၅၀၁ ဒသမ ၀၈၅ သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေ ဖြင့် အလုပ်သမားများ၏အကျိုး၊ အလုပ်ရှင်များအကျိုးကို ဦးစားပေး စဉ်းစားလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အလုပ် သမားများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွား ကြရန်နှင့် သက်ဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။
ဝိုင်းဝန်းအကြံပြုတင်ပြ
ဆက်လက်၍ တက်ရောက်လာသည့် အလုပ်သမားအဖွဲ့ အစည်းများမှ လတ်တလော စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ် ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပြဿနာများနှင့် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ထားသည့် အခြေအနေများနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာမှုမရှိသည့် စက်ရုံအလုပ်ရုံများအား တာဝန်ရှိသူများ မှ စစ်ဆေးကြပ်မတ်ပေးနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်