
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဒေသတွင်း ဘက်စုံစီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးများ၏ (၁၁)ကြိမ်မြောက် ကြားဖြတ်အစည်းအဝေး တက်ရောက်
=========================================================================================================
နေပြည်တော် အောက်တိုဘာ ၁၄
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(Regional Comprehensive Economic Partnership–RCEP) ဆိုင်ရာ ဝန်ကြီးများ၏ (၁၁)ကြိမ်မြောက် ကြားဖြတ် အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အမြင်ချင်းဖလှယ်
အစည်းအဝေးတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌ ၏ အစီရင်ခံစာကို တင်ပြခဲ့ပြီး RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် (၄)ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အချိန်မီပြီးစီးစေရန် ကြိုးပမ်းခဲ့သော ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီနှင့် ဥပဒေနှင့် အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်း အဖွဲ့တို့ကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ ညှိနှိုင်းမှုများ ပြုလုပ်ရန် ကျန်ရှိနေ သော ကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အတတ်နိုင်ဆုံးညှိနှိုင်း ဆောင်ရွက်ကြရန် သက်ဆိုင်ရာ နိုင်ငံများသို့ တိုက်တွန်းပြီး RCEP သဘောတူ စာချုပ်ကို နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သော ပြည်တွင်းလုပ်ထုံး လုပ်နည်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း အလေးပေးပြောကြားသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက RCEP သဘောတူစာချုပ်သို့ အိန္ဒိယနိုင်ငံ အဆင်သင့်ဖြစ်ပါက ပြန်လည်ဝင်ရောက်နိုင်စေရေးအတွက် ဆက်လက်လမ်းဖွင့် ထားပေးမည့် အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပြောကြားသည်။
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်၌ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း နိုင်ငံ့ ခေါင်းဆောင်များက ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့သည်။ RCEP ညှိနှိုင်းမှုများမှာ ယနေ့အထိ (၈)နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြသည်။
၁၅ နိုင်ငံ ပါဝင်
RCEP တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ၎င်း၏ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် ချုပ်ဆိုထားသောနိုင်ငံများ (FTA Countries) ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန် ငါးနိုင်ငံ အပါ အဝင် စုစုပေါင်းအဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့် နှင့် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူစာချုပ်တစ်ခုဖြစ်လာမည်ဖြစ်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့မှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ သဘာပတိ နှင့်အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်