
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း (၁၉)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့်အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန်ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်
====================================================================
နေပြည်တော် နိုဝင်ဘာ ၁၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် (၃၇)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးအကြို ကျင်းပ သည့် (၁၉)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ အာဆီယံစီးပွားရေးဝန်ကြီးများ နှင့် ဆွစ်ဇာလန် ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဆွေးနွေး
(၁၉)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၀ ပြည့်နှစ် အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ် ဗီယက်နမ်နိုင်ငံက တာဝန် ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထား သည့် ဦးစားပေးလုပ်ငန်း ၁၃ ခု၏ ဆောင်ရွက်ပြီး မြောက်မှုကိုလည်းကောင်း၊ အာဆီယံစီးပွားရေးအသိုက် အဝန်း (အေအီးစီ) လမ်းပြမြေပုံ (၂၀၂၅) ကာလလယ် သုံးသပ်ချက် ကနဦးအစီရင်ခံစာပါ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ နှင့် အကြံပြုချက်များအပေါ်တွင် လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်နှင့် ယင်းမူဘောင်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးများက အမြန်ဆုံးထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရာတွင် အချို့သော လုပ်ငန်းများသည် ကဏ္ဍဆိုင်ရာအဖွဲ့အစည်း များအကြား ညှိနှိုင်းဆောင်ရွက်မှု၊ စောင့်ကြည့်စစ်ဆေးမှု၊ အကဲဖြတ်မှုများ ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ပါ ကြောင်း၊ စတုတ္ထစက်မှုအသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း သည့် နည်းပညာများသည် စီးပွားရေးကဏ္ဍတွင်သာမက အများပြည်သူ၏ လူမှုဘဝများနှင့်ဆက်စပ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုနယ်ပယ်များတွင်လည်း အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ပါကြောင်း၊ အာဆီယံဒေသအတွင်း ကဏ္ဍ များနှင့် မဏ္ဍိုင်များအကြား ထိရောက်၍ စွမ်းဆောင်ရည် ရှိစွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် စတုတ္ထစက်မှု အသွင်ကူးပြောင်းရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါထိန်းချုပ်ရေးနှင့် ဒေသတွင်းပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အချိန်အခါအရ အလွန်အရေး ပါသဖြင့် အဆိုပါမူဘောင်ကို အကောင်အထည်ဖော်ရာ တွင် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များ အပါအဝင် Stakeholders များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အလေးပေးပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးတို့အတွက် ဟနွိုင်းရှေ့လုပ်ငန်းစဉ် အောက်မှ အစီအစဉ်တစ်ခုဖြစ်သည့် အရေးကြီးကုန်စည် များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှု များ ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်တို့နှင့်အတူ ပါဝင်တက်ရောက်၍ အဆိုပါ နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံကိုယ်စား လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းစာချွန်လွှာ၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို တုံ့ပြန် ဆောင်ရွက်ရာတွင် အစားအစာ၊ ဆေးနှင့် ဆေးပစ္စည်းများ အပါအဝင် အရေးကြီးကုန်စည်များ လွယ်ကူစွာ စီးဆင်း နိုင်ရေးအတွက် အာဆီယံ ၁၀ နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရာတွင် ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်နိုင်ရန်ဖြစ်သည်။
အမြင်ချင်းဖလှယ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန် ကုန်သွယ်ရေး ဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်သည်။ ဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ အာဆီယံနှင့် ဆွစ်ဇာလန်တို့က ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများက အာဆီယံနှင့် ဆွစ်ဇာလန်တို့ အကြား ဒစ်ဂျစ်တယ် စီးပွားရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ၏ လူမှုစီးပွားထိခိုက်မှုများအပေါ် တုံ့ပြန်နိုင် ရန်အတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (CERP) ကို မြန်မာနိုင်ငံအနေဖြင့် ရောဂါကူးစက်မှု စတင်တွေ့ရှိသည့်ကာလကပင် အကောင်အထည်ဖော်ခဲ့မှု အခြေအနေများနှင့် ယခုအခါ ရေရှည်စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်နေမှုများ ကိုလည်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံစီးပွားရေး အသိုက် အဝန်းကောင်စီဝန်ကြီးများ၊ ဆွစ်ဇာလန်နိုင်ငံ ကုန်သွယ် ရေးဝန်ကြီး၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်