ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တရုတ်နိုင်ငံရေအားလျှပ်စစ်၊ လေအားလျှပ်စစ်စီမံကိန်းများ ကြည့်ရှုလေ့လာ

 

နေပြည်တော်   မတ်  ၂၄ 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို လေ့လာနိုင်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြား ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ပေကျင်းမြို့များသို့ သွားရောက်ခဲ့ကြသည်။ 

 


ထိုသို့သွားရောက်စဉ် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၂၀ ရက် နံနက် ၁၀  နာရီ၌ ယူနန်ပြည်နယ်အစိုးရ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ တရုတ်ပြည်ကွန်မြူနစ်ပါတီ တွဲဖက် အတွင်းရေးမှူး ဝမ်ယူဘို ဦးဆောင်သော အုပ်ချုပ်ရေး အဖွဲ့နှင့်   ကူမင်းမြို့ရှိ   ယူနန်ပြည်နယ်အစိုးရ၏ ဧည့်ရိပ်သာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး နှင့်ပတ်သက်၍      နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်သည်။

 

ထိုသို့ ပြုလုပ်ရာတွင်   ပြည်ထောင်စုဝန်ကြီး    ဦးသောင်းဟန် က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည်  နှစ်ပေါင်းများစွာမှ စ၍ ချစ်ကြည်ရင်းနှီးခဲ့သည့် ဆွေမျိုးပေါက်ဖော်များဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အပြန်အလှန် ရိုင်းပင်းကူညီမှုများလည်းရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ လာရောက်၍ ရင်းနှီးမြှုပ်နှံသူများ၏ ဆောင်ရွက်နေသော  စီမံကိန်းများကိုလည်း   ပိုမို တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုး  ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း မိမိတို့ နိုင်ငံတွင်  ရေအား၊  နေရောင်ခြည်၊   လေအားနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အရင်းအမြစ်များ ရှိ၍  ထပ်မံရင်းနှီးမြှုပ်နှံသူများ   လာရောက်နိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း၊   ရေအားတွင်   အသေးစား ရေအား လျှပ်စစ်မှစ၍ အကြီးစားရေအားလျှပ်စစ်များ ထုတ်လုပ်ရန်   ဆွေးနွေးလျက်ရှိသည်များကိုလည်း ဆက်လက်အားပေးစေလိုပါကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်း ခြင်းလုပ်ငန်းများကိုလည်း ၂၀၂၄ ခုနှစ်တွင် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့်   လိုအပ်သည် များကို   ဆက်လက်ကူညီပံ့ပိုးပေးစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်  ယူနန်ပြည်နယ်အစိုးရ   ပြည်နယ် အုပ်ချုပ်ရေးမှူးက ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ နှင့် အရှည်လျားဆုံး  ထိစပ်နေသော ပြည်နယ်ဖြစ် သည့်အလျောက် မြန်မာနိုင်ငံ၏ အခက်အခဲများအပေါ် နားလည်ပါကြောင်း၊ အထူးသဖြင့် စွမ်းအင်အသစ် ကဏ္ဍ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ယူနန် ပြည်နယ်အစိုးရအနေဖြင့် မူအားဖြင့် ထောက်ခံလျက် ရှိပါ ကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်      ဖြစ်ပါ ကြောင်း ပြောကြားသည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၁ ရက် မွန်းလွဲ  ၃ နာရီတွင် ပေကျင်းမြို့ရှိ  အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(National Energy Administration- NEA)ရုံးချုပ်၌ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ NEA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်နှင့်အဖွဲ့ကို တွေ့ဆုံသည်။ 

 


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ နိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး  လျှပ်စစ် ဓာတ်အားရရှိရန်အတွက် Master Plan ကို ရေးဆွဲ ထားပြီး ဖြစ်ပါကြောင်း၊ ထိုသို့ရေးဆွဲထားသော်လည်း နှစ်အလိုက်   ထုတ်လုပ်မှုနှင့်သုံးစွဲမှု  မမျှတသော ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်လျက်ရှိပါကြောင်း၊ လိုအပ်နေသည့်        လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းနိုင်ရန်        အရင်းအမြစ်မျိုးစုံဖြစ်သော ရေအား၊ လေအား၊ နေရောင်ခြည်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ် လျက်ရှိပါကြောင်း၊   သို့ရာတွင်   သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းလာသဖြင့်  ရေအား၊  နေရောင် ခြည်နှင့် လေအားအပြင် ကျောက်မီးသွေးမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန်   စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လာရောက်ရင်းနှီးမြှုပ်နှံ လျက်ရှိသည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို လည်း  လိုအပ်သည်များ  ကူညီဖြည့်ဆည်းပံ့ပိုးပေး လျက်ရှိပါကြောင်း၊ ရေအားလျှပ်စစ်တွင်  အကြီးစားရေအားလျှပ်စစ်စီမံကိန်းများအပြင်       အသေးစား ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း  ဆောင်ရွက် ရန်   စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊  လေအား အနေဖြင့်လည်း အရင်းအမြစ် နေရာများစွာရှိသဖြင့် ထပ်မံတိုးချဲ့ထုတ်လုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခုကာလတွင်  လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိ နေသော်လည်း ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ် ချက်ကို  ထပ်မံဖြည့်ဆည်းနိုင်ရန်   စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ပါ၍ မိမိတို့နိုင်ငံ၏ လိုအပ်ချက် များကို  ဖြည့်ဆည်းနိုင်ရန်အတွက်  ရင်းနှီးမြှုပ်နှံရန် လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုး ပေးရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲနှင့် သင်တန်းများ ကိုလည်း  ဖိတ်ခေါ်ပေးရန်တို့ကို  ဆွေးနွေးပြောကြား သည်။

 


ယင်းနောက် NEA ၏ ဒုတိယဥက္ကဋ္ဌ  မစ္စတာ ရန်ဂျင်းဒန်  (Mr. Ren  Jing  Dong) က  ပြန်လည် ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို သိရှိပါသဖြင့် ကိုယ်ချင်းစာပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို        ဖြည့်ဆည်း နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင် ရွက်ရန်    လိုအပ်ပါကြောင်း၊    နယ်စပ်ဖြတ်ကျော် ဆောင်ရွက်လျက်ရှိသော        စီမံကိန်းများကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊   ၎င်းစီမံကိန်းသည်  နောင်တွင် မြန်မာနိုင်ငံမှ       လျှပ်စစ်ဓာတ်အားလိုအပ်ပါက ရောင်းချနိုင်ရန်ဖြစ်ပြီး    ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ဝယ်ယူရန်    ရည်ရွယ်ချက်ဖြင့်   ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိ သော တရုတ်နိုင်ငံကုမ္ပဏီများ၏ လိုအပ်ချက်များကို လည်း   ဝိုင်းဝန်းကူညီ   ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊      နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်  စီမံကိန်းများကိုလည်း NEA အနေဖြင့်  ကူညီသွားမည်ဖြစ်ပါကြောင်းနှင့် ယခု ၂၀၂၃ ခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု (၇၃)နှစ်မြောက် ဖြစ်သကဲ့သို့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု Belt and Road (၁၀)နှစ် ပြည့်မြောက်သောနှစ် ဖြစ်သည့်အလျောက် မဟာ ဗျူဟာမြောက် ဆက်ဆံရေးများကို နက်နက်ရှိုင်းရှိုင်း တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခွင့်သင့်ပါက NEA  အဖွဲ့အနေဖြင့်   မြန်မာနိုင်ငံ သို့     လာရောက်မည်ဖြစ်ပါကြောင်း     ဆွေးနွေး သည်။

 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၁၈ ရက်တွင် ယူနန်ပြည်နယ် ချင်းဂျာမြို့အနီးရှိ စက်တပ် ဆင်အင်အား ၁၀၀၀ မဂ္ဂါဝပ်  ၁၆ လုံးဖြင့်  ၁၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နေသော (Baihetan) ဘိုင်ဟေထန် ရေအားလျှပ်စစ်စက်ရုံစီမံကိန်း၏    တည်ဆောက် ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ မတ် ၁၉ ရက် တွင် Yunnan Provincial Energy Investment Group (YEIG) ကုမ္ပဏီမှ ၃၉၀ မဂ္ဂါဝပ် ထုတ်လုပ် ပို့လွှတ်လျက်ရှိသော    လေအားလျှပ်စစ်စီမံကိန်း များကိုလည်းကောင်း   သွားရောက်လေ့လာခဲ့ကြ သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၂ ရက် နံနက်   ၁၀  နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   ကွန်မြူနစ်ပါတီ  ဗဟိုကော်မတီ၏ နိုင်ငံခြားဆက်ဆံရေးဌာနမှ   ကြီးမှူးကျင်းပသော တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်းဆွေးနွေးပွဲသို့   တက်ရောက်ခဲ့ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ကုမ္ပဏီများဖြစ်သည့် ရွှေလီ(၁) ရေအား လျှပ်စစ်စီမံကိန်း ဆောင်ရွက်နေသော ဟွာနန်းလန်း ချန်း ကုမ္ပဏီ၊ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းများ အတွက်ပစ္စည်းများ ပေးသွင်းနေပြီး လေအားလျှပ်စစ် စီမံကိန်းထုတ်လုပ်လျက်ရှိသည့်   YEIG  ကုမ္ပဏီ၊ နေရောင်ခြည်           စွမ်းအင်သုံးစက်ရုံစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့်  ခီဒီးကုမ္ပဏီ၊  ဓာတ်အား ပို့လွှတ်ရေး  စီမံကိန်းများတွင် ဆောင်ရွက်လျက်ရှိ သည့် China Southern Power Grid ကုမ္ပဏီ၊ ရေအား  လျှပ်စစ်စီမံကိန်းများ   ဆောင်ရွက်နေသော  SPIC  ကုမ္ပဏီ၊ Datang ကုမ္ပဏီ၊ CEEC ကုမ္ပဏီ၊ State Grid ကုမ္ပဏီ တို့နှင့် တွေ့ဆုံခဲ့ပြီး  ကုမ္ပဏီများ၏  လိုအပ်ချက်၊   ဆက်လက်ဆောင်ရွက်မည့်    အစီအစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်