ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများပြန်လည်ရောက်ရှိ

 

ရန်ကုန်   မေ   ၁၁


မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲ တွင် ရန်ကုန်မြို့သို့ မြန်မာ့လေကြောင်း စင်းလုံးငှား လေယာဉ်ဖြင့်  ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ  တာဝန်ရှိပုဂ္ဂိုလ်များ၊   မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ   ဥက္ကဋ္ဌများ၊   ပြိုင်ပွဲဝင် အားကစားသမားများ၏   မိဘဆွေမျိုးများ၊   မိဘ ပြည်သူများက  အိုးစည်၊  ဒိုးပတ်များ၊   ပန်းစည်းများ ဖြင့်       ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။

 


ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစား အဖွဲ့တွင် (၃၂) ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့     ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊  အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင်    အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်း မြင့်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့  ၁၆ ဦး၊  ရွှေတံဆိပ် လေးဆု၊ ငွေတံဆိပ် သုံးဆု၊ ကြေးတံဆိပ် ၁၇ ဆု ရရှိသည့် ဗိုဗီနမ်အားကစားအဖွဲ့၊    ရွှေတံဆိပ်  လေးဆု၊ ငွေတံဆိပ် သုံးဆု၊ ကြေးတံဆိပ် တစ်ဆု ရရှိသည့် ခြင်းလုံး အားကစားအဖွဲ့၊   ရွှေတံဆိပ်   တစ်ဆု၊ ငွေတံဆိပ် နှစ်ဆု၊ ကြေးတံဆိပ် ခြောက်ဆုရရှိသည့် ဗိုဗီနမ်(ဘိုကာတာ)  အားကစားအဖွဲ့၊   ရွှေတံဆိပ် တစ်ဆုရရှိသည့် ပီတန်းအားကစားအဖွဲ့၊ ငွေတံဆိပ် တစ်ဆု၊ ကြေးတံဆိပ် တစ်ဆုရရှိသည့် ရိုးရာလက်ဝှေ့ အားကစားအဖွဲ့၊  ကြေးတံဆိပ်  နှစ်ဆုရရှိသည့် စစ်တုရင် အားကစားအဖွဲ့ ၊  ပြေးခုန်ပစ်အားကစား အဖွဲ့၊ ဘော်လီဘော အမျိုးသားအသင်း၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့တို့မှ နည်းပြများ၊ အုပ်ချုပ် သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ   စုစုပေါင်း ၁၅၈ ဦးတို့ ပြန်လည်လိုက်ပါလာကြသည်။

 


ယနေ့    ပြန်လည်လိုက်ပါလာသော    မြန်မာ အားကစားအဖွဲ့   ရွှေတံဆိပ်ဆုရှင်များမှာ   ဗိုဗီနမ် အမျိုးသမီး နှစ်ယောက်တွဲ အပြမှ ခိုင်ဝါဖူးနှင့် မေဟန် နီအောင်လွင်၊ အမျိုးသား လေးယောက်တွဲ အပြမှ အောင်ခိုင်လင်း၊  ဟိန်းထက်အောင်၊  ကျော်သူစိုး အောင်၊ ရာဇာထွန်း၊ အမျိုးသား နှစ်ယောက်တွဲ အပြ မှ မနားကွီးနှင့် တင်ထူးဇော် ၊  အမျိုးသားဓားတစ်လက် အပြမှ အိုက်စိုးလင်း၊  ဗိုဗီနမ် (ခွန်ဘိုကာတာ)  ၁+၂ အတွဲအတိုက်မှ ပိုင်ဇေယျာဖြိုး၊ အံ့ဖွယ်ငြိမ်း၊ နီလာစိုး ဦး၊  ခြင်းလုံး  အားကစားနည်း  အမျိုးသမီး  Same Stroke ပြိုင်ပွဲမှ အေးအေးသန့်၊ စုတွယ်တာ၊ မေဖြိုးစံ၊ သဲသဲ၊ တင်နီလာဝင်း၊  ယဉ်မင်းသွယ်၊  ခိုင်သဇင်ဖြိုး၊ ခိုင်ခိုင်၊ အမျိုးသား/အမျိုးသမီး Linking Event -3 မှ လဲ့ဝတီဇော်၊ အောင်မြင့်မြတ်၊ နှင်းဝတ်ရည်ဗိုလ်၊ အောင်နိုင်ဖြိုးဟန်၊ ရွှန်းလဲ့ဝေ၊ သော်ဝေဇင်၊ ငြိမ်းအိ မွန်၊ စိုင်းဇော်ဇော်၊  အမျိုးသား Event -4 မှ လင်းသစ္စာ အောင်၊  ခန့်ဝင်းဟိန်း၊  ဝေယံဖြိုး၊  ရဝေအောင်၊ ဇော်လင်းမောင်၊  ကောင်းမြတ်သီဟ၊ မင်းခန့်ဝင်း၊ ဓူဝံကျော်၊ အမျိုးသမီး Event -4 မှ အေးအေးသန့်၊ မေဖူးဟန်၊ သဲသဲ၊ ယဉ်မင်းသွယ်၊ စုတွယ်တာ၊ ခိုင်ခိုင်၊ တင်နီလာဝင်း၊ မှုံနံ့သာ၊  ပီတန်းအားကစား Women Single Shooting မှ  ခင်ချယ်ရီသက်တို့ဖြစ်ကြသည်။

 


မြန်မာအားကစားအဖွဲ့သည် မေ ၁၁ ရက် နံနက် ပိုင်းအထိ ရွှေတံဆိပ် ၁၄ ဆု၊ ငွေတံဆိပ် ၁၃ ဆု၊ ကြေးတံဆိပ် ၃၇ ဆု စုစုပေါင်း ဆုတံဆိပ် ၆၄ ခု ရရှိနေပြီဖြစ်သည့်အတွက် ယခင်နှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  ရရှိသည့် ရွှေတံဆိပ် ကိုးဆု၊ ငွေတံဆိပ် ၁၈ ဆု၊ ကြေးတံဆိပ် ၃၅ ဆု စုစုပေါင်းဆုတံဆိပ်  ၆၂ ခုထက် သာလွန်နေပြီ ဖြစ်ပြီး   ကမ္ဘောဒီးယားနိုင်ငံတွင်   ကျန်ရှိနေသည့် မြန်မာအားကစားအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်၊၊            

 သတင်းစဉ်