နေပြည်တော် စက်တင်ဘာ ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစား ရုံများ၌ ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ မအေးသစ္စာမြင့်က နန်းချွမ် (ခေါ် ) တောင်ပိုင်း လက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း (ခေါ် ) တောင်ပိုင်းဓားသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်နေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
လင်အန်းမြို့ရှိ Lin’an Sports Culture & Exhibition အားကစားရုံတွင် ကျင်းပသည့် တိုက်ကွမ်ဒို အားကစားနည်း(အတိုက်) ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်၌ မြန်မာနိုင်ငံမှ မမိုးမြင့်မြတ် က (-53 kg) တန်းတွင် ထိုင်းနိုင်ငံကို ပထမ အချီတွင်(0:12)မှတ်ဖြင့် လည်းကောင်း၊ ဒုတိယအချီတွင်(2:13)မှတ်ဖြင့် လည်း ကောင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက်တွင် မြန်မာ နိုင်ငံမှ မစန္ဒီဦးက ဝူရှူးအားကစားနည်း ကျန့်စု(ခေါ် )နှစ်ဖက်သွားဓားနှင့် ချန်းစု(ခေါ်) လှံရှည်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်